NLD ပါတီအား ပုံအောမဲပေးခဲ့ခြင်းသည် မကြိုက်သည့်ပါတီအား ဖယ်ရှားကာ ဆန့်ကျင်ခဲ့သည့် အဆင့်ဖြစ်ပြီး နောက်တစ်ဆင့် တက်လှမ်းမည် ဆိုပါက ပြည်သူများအတွက် ရွေးချယ်စရာ အခွင့်အလမ်းများ ပေါ်လာရန် လိုအပ်ဟု နိုင်ငံရေးပါတီသစ်တစ်ရပ် ပေါ်ထွန်းရေးနှင့် စပ်လျဉ်း၍ . . .

နိုင်ငံရေးပါတီသစ်တစ်ရပ် ပေါ်ထွန်းရေးအတွက် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားတွင် ဦးကိုကိုကြီး အဖွင့်အမှာစကား ပြောကြားစဉ်

NLD ပါတီအား ပုံအောမဲပေးခဲ့ခြင်းသည် မကြိုက်သည့်ပါတီအား ဖယ်ရှားကာ ဆန့်ကျင်ခဲ့သည့် အဆင့်ဖြစ်ပြီး နောက်တစ်ဆင့် တက်လှမ်းမည် ဆိုပါက ပြည်သူများအတွက် ရွေးချယ်စရာ အခွင့်အလမ်းများ ပေါ်လာရန် လိုအပ်ဟု နိုင်ငံရေးပါတီသစ်တစ်ရပ် ပေါ်ထွန်းရေးနှင့် စပ်လျဉ်း၍ ဦးကိုကိုကြီး ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအား ပုံအောမဲပေးခဲ့ခြင်းသည် မကြိုက်သည့်ပါတီအား ဖယ်ရှားကာ ဆန့်ကျင်ခဲ့သည့် အဆင့်ဖြစ်ခဲ့ပြီး နောက်တစ်ဆင့် တက်လှမ်းမည် ဆိုပါက ပြည်သူများအတွက် ရွေးချယ်စရာ အခွင့်အလမ်းများ ပေါ်လာရန် လိုအပ်ဟု နိုင်ငံရေးပါတီသစ်တစ်ရပ် ပေါ်ထွန်းရေးနှင့် စပ်လျဉ်း၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဇူလိုင် ၁၅ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယ ကျောင်းတိုက်တွင် ဇူလိုင် ၁၅ ရက်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သည့် နိုင်ငံရေးပါတီသစ်တစ်ရပ် ပေါ်ထွန်းရေးအတွက် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနား အဖွင့်အမှာစကားတွင် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရှေးဦးစွာ ၎င်းတို့အနေဖြင့် စတင်လုပ်ဆောင်ကတည်းက နိုင်ငံရေးလုပ်ချင်သည့်အတွက် နိုင်ငံရေးထဲ ၀င်ရောက်လာခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ပါတီတစ်ခု အနေဖြင့် ဖွဲ့စည်းထူထောင်၍ ဆောင်ရွက်ခဲ့ခြင်းမျိုး မဟုတ်ဘဲ နိုင်ငံ၏ စနစ်တစ်ခု ပြောင်းလဲရန်ဆိုသည့် ဦးတည်ချက်ဖြင့် ကျရာနေရာမှ ပါဝင်လာခဲ့သည်မှာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်ကြောင်း၊ သာမန်ဝန်ထမ်းနယ်ပယ် အသီးသီးတွင် နှစ် ၃၀ ဆိုသည်မှာ ဧရာဝန်ထမ်းများ၊ ပင်စင်ရသူများ ဖြစ်သော်လည်း ၎င်းတို့အနေဖြင့် ယခုမှ နိုင်ငံရေးပုံစံ စနစ်တကျ စတင်ဆောင်ရွက်ရန် ကြိုးစားခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံရေးစနစ်တစ်ခု၊ အဆင့်တစ်ခု ရောက်လာရန် တတ်နိုင်သလောက် ဆောင်ရွက်ခဲ့ခြင်း၊ ပေးဆပ်ခဲ့ခြင်းအတွက် ၇၅ ရာခိုင်နှုန်းထဲတွင် လူထုရွေးကောက်တင်မြှောက်သည့် ကိုယ်စားလှယ်အများစု၊ ထိုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာသည့် အဆင့်အထိ မြင်တွေ့ရသည်ကို ၀မ်းမြောက်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“သို့သော် နောက်တစ်ဆင့် တက်လှမ်းဖို့ လိုပြီလို့ ကျွန်တော်တို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ရွေးကောက်ပွဲပုံစံ အဆင့်ဆင့်ကို လေ့လာကြည့်တဲ့ အခါကျတော့ မကြိုက်တဲ့ သူတွေပေါ့။ အရင်စနစ်ဟောင်းကို ဆန့်ကျင်ဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ တစ်နည်းအားဖြင့် ပြောရရင် ပါတီတွေ အများကြီးရှိတဲ့ အထဲက ဘယ်ပါတီကို ကိုယ်ကြိုက်လို့ ရွေးတယ်ဆိုတဲ့အဆင့် မရောက်သေးပါဘူး။ မကြိုက်တဲ့ပါတီကို ဖယ်ရှားဖို့အတွက် ကျွန်တော်တို့ တစုတစည်းတည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပုံအောပြီး ပေးခြင်းဟာ တစ်ဖက်ကို ဆန့်ကျင်ကြောင်း ပြသတဲ့ အဆင့်အထိ အောင်မြင်ခဲ့ပြီလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ နောက်တစ်ဆင့်ကို တက်ပြီဆိုရင်တော့ ဒီမိုကရေစီမှာ ဗဟုဝါဒထွန်းကားဖို့ လိုပါတယ်။ ပြည်သူတွေအတွက် ရွေးချယ်စရာ အခွင့်အလမ်းတွေ ပေါ်လာဖို့ လိုပါတယ်။ အဲဒီတော့ ရှေ့လျှောက်ပြီး နိုင်ငံရေးပါတီ ကျွန်တော်တို့ ဖွဲ့စည်းတော့မယ်ဆိုတဲ့ အချိန်မှာ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေး ပါတီဖြစ်ဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ အတတ်နိုင်ဆုံး ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်မရှိလို့ ဘယ်သူမရှိလို့ ဆိုတာမျိုး မဖြစ်ရဘဲနဲ့ ကျွန်တော်တို့ စနစ်တစ်ခု မူဝါဒတစ်ခုကို ၀ိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ပြီး ချမှတ်တဲ့ နိုင်ငံရေးပါတီပုံစံမျိုး ပေါ်လာဖို့အတွက် ကျွန်တော်တို့ မျှော်မှန်းချက် မြင့်မြင့်မားမား ထားပါတယ်” ဟု ဦးကိုကိုကြီးက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

နိုင်ငံရေးပါတီ၏ သဘောသဘာဝအရ မူဝါဒ၊ ယုံကြည်ချက်၊ ဦးတည်ချက် တူညီသူများ စုဝေးခြင်း ဖြစ်သည့်အတွက် လူအများအပြားစုသည့် ပုံစံမျိုး ဖြစ်၍မရကြောင်း၊ ထို့ကြောင့် ဖြစ်မြောက်ရေးကော်မတီ စတင်ဖွဲ့စည်းကတည်းက ပါတီက ချမှတ်မည့် ခံယူကျင့်သုံးမည့် ယေဘုယျ အခြေခံ မူဝါဒများကို ၀ိုင်းဝန်းဆွေးနွေး ချမှတ်ကြကြောင်း၊ ထို့နောက် ယင်းအခြေခံ အချက်များ အပေါ်တွင် တူညီသည့် ပုဂ္ဂိုလ်များ စုစည်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်စေ၊ နိုင်ငံရေးသို့ လက်ရှိအချိန်မှ ၀င်လာမည့် ပုဂ္ဂိုလ်များဖြစ်စေ၊ လေ့လာစောင့်ကြည့်ချင်သေးသည့် ပုဂ္ဂိုလ်များဖြစ်စေ ပူးပေါင်းပါဝင်ရန်အတွက် ကြိုဆိုနေကြောင်း၊ နိုင်ငံရေးပါတီများ အားကောင်းမောင်းသန် ဖြစ်မှသာ ပါတီစုံ ဒီမိုကရေစီက အားကောင်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်၍ ဦးကိုကိုကြီးက “နိုင်ငံရေးပါတီ ဖွဲ့ဖို့ဆိုတာ နိုင်ငံရေး ဆိုတာရဲ့ အဓိပ္ပာယ်ကို ကျွန်တော် နားလည်သလို ပြောရရင် နိုင်ငံရေးဆိုတာ ၀န်ဆောင်မှု ပေးတာပဲ။ ကျွန်တော်တို့က ပြည်သူကို ဘယ်လောက် ၀န်ဆောင်မှု ပေးနိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ပြည်သူရဲ့ ထောက်ခံမှုက ရေချိန်အနိမ့်အမြင့် ဖြစ်လာမယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပါတီထောင်တယ်။ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သာမန်မျှော်မှန်းချက်မျိုး မဟုတ်ဘဲနဲ့ ပါတီထောင်ပြီးရင် သက်ဆိုင်ရာ ကိုယ့်ဒေသ နယ်ပယ်က ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဘယ်လောက် ကာကွယ်ပေးနိုင်မလဲ၊ ဘယ်လောက်မြှင့်တင်ပေးနိုင်မလဲဆိုတာ ကျွန်တော်တို့ အားစိုက်ခွန်စိုက် လုပ်ကြဖို့၊ ကျွန်တော်တို့ ဒေသဆိုင်ရာ ပြည်သူတွေကို ၀န်ဆောင်မှု ကောင်းကောင်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်ကြဖို့ လိုပါတယ်။ ဒါကြောင့် ပါတီဖွဲ့စည်းခြင်းဟာ လူစုရုံတင် မဟုတ်ဘဲနဲ့ အလုပ်လုပ်ဖို့ လိုပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဒီဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းပြီးသွားရင် ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းအစီအစဉ်တွေ၊ နောက် အခုလိုမျိုး ကျွန်တော်တို့ ကြိမ်ဖန်များစွာ ထိတွေ့ ဆွေးနွေးတာမျိုးတွေကို စဉ်ဆက်မပြတ် ဖြစ်ပေါ်လာအောင် ကျွန်တော်တို့ ကြိုးစားပါမယ်။ ကျွန်တော်တို့ နိုင်ငံရေးကို  မျက်နှာစာအသစ်တစ်ခု ဖွင့်ချင်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ဦးကိုကိုကြီးက တက်ရောက်လာသူများအား ရေရှည်နိုင်ငံရေးတွင် မူဝါဒ အခြေခံသည့် ပါတီများ ကြံ့ခိုင်သန်စွမ်းသည့် နိုင်ငံရေးစနစ် ဖြစ်လာရန်အတွက် မိတ်ဖက်ပါတီ အဖွဲ့အစည်းများနှင့် ဆက်ဆံရေးများ ရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အပြောအဆို အနေအထိုင်၊ အထူးသဖြင့် Social Media အသုံးပြုခြင်းမှ အစပြု၍ လက်လွတ်စပယ်၊ စိတ်လွတ်ကိုယ်လွတ် ပြောဆိုခြင်း၊ ရေးသားခြင်းမျိုး မပြုကြရန်နှင့် ပါတီတစ်ခု စတင်ထူထောင်မည် ဆိုပါက စောင့်ထိန်းရမည့် ကိစ္စများ ရှိလာပြီ ဖြစ်ကြောင်းနှင့် မိမိကိုယ်ကိုယ် တိုးတက်သထက် တိုးတက်အောင် ကြိုးစားရမည့် အခြေအနေများ ဖြစ်လာခြင်းကို နှလုံးသွင်း၍ ၀ိုင်းဝန်းတည်ဆောက်ကြရန် တိုက်တွန်းပြောကြားသည်။

Writer: 
ကျော်ဇင်ဝင်း၊ ၀ီရမိုးနေ