မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ပင်လယ်ရေကြောင်း လုံခြုံရေး တိုးမြှင့်လုပ်ဆောင်ရေး ဆွေးနွေး

တပ်တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် H.E.Mr. Narendra Modi အား တွေ့ဆုံစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ပင်လယ်ရေကြောင်း လုံခြုံရေး တိုးမြှင့်လုပ်ဆောင်ရေး ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇူလိုင် ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ထာဝရ ယုံကြည်စိတ်ချရမှုရှိပြီး နှစ်နိုင်ငံ နယ်စပ်ဒေသသည်လည်း ထာဝရ တည်ငြိမ်အေးချမ်းမှု ရှိရမည်ဆိုသည့် ယုံကြည်ချက်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၊ တပ်မတော်အကြီးအကဲများသည်လည်း နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဂျမူး၊ ကက်ရှ်မီးယားဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် အပြစ်မဲ့ ပြည်သူများ သေဆုံးမှုများ အတွက်လည်း စိတ်မကောင်း ဖြစ်ရပါကြောင်း၊ အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် H.E Mr.Narendra Modi အား ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် ၀န်ကြီးချုပ်၏ အိမ်တော်၌ သွားရောက်ဂါရ၀ပြု တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ဦးစွာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိမိအနေဖြင့် အိန္ဒိယသမ္မတနိုင်ငံသို့ ပဉ္စမအကြိမ်မြောက် ချစ်ကြည်ရေးခရီး လာရောက်ခြင်းဖြစ်ကြောင်းနှင့် ယခုခရီးစဉ်တွင် အိန္ဒိယနိုင်ငံ အတွင်းရှိ ပြည်နယ်များ၊ စက်မှုလုပ်ငန်းများ၊ တပ်မတော်ပိုင်းဆိုင်ရာ နေရာများသို့ ရောက်ရှိလေ့လာမှု အခြေအနေများ၊ အိန္ဒိယတပ်မတော် အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေများကို ဆွေးနွေးပြောကြားပြီး ကုန်သွယ်ရေး လုပ်ငန်းအား နှစ်နိုင်ငံလုံးက မြှင့်တင်လုပ်ဆောင်ပါက ပိုမိုကောင်းမွန်ပါကြောင်းဖြင့် အကြံပြု ပြောကြားသည်။

ယင်းနောက် အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ်က အကြမ်းဖက်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ ပုံစံသဏ္ဌာန် အမျိးမျိုးဖြင့် လုပ်ဆောင်လာခြင်းကြောင့် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသရှိ လက်နက်ကိုင် သောင်းကျန်းမှု နှိမ်နင်းရေးအတွက် ညှိနှိုင်းပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်ပိုင်းဆိုင်ရာများတွင်လည်း ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား၍ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာများအား အပြန်အလှန် ဆွေးနွေးခဲ့သည်။

အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ Admiral Sunil Lanba ၏ ဖိတ်ကြားချက်အရ အိန္ဒိယ နိုင်ငံ၊ နယူးဒေလီမြို့တွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဇူလိုင် ၁၄ ရက် နံနက် ဒေသစံတော်ချိန် ၉ နာရီ ၁၅ မိနစ်တွင် အိန္ဒိယနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ဘက်ခြမ်း အဆောက်အအုံ မြက်ခင်းပြင် South Block Lawns ၌ အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်ဦးစီးချုပ်များ ကော်မတီဥက္ကဋ္ဌ Admiral Sunil Lanba က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။

အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်နှင့် တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်တို့သည် အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီး Mr. Arun Jaitley နှင့် ၎င်း၏ ရုံးခန်း၌ ဆက်လက်တွေ့ဆုံ ဆွေးနွေးသည်။

Writer: 
ချမ်းဝေစိုး