လူမျိုးများစာရင်းတွင် တိုင်းရင်းသားလူမျိုးများ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသားလူမျိုးစုငယ်များ ပါဝင်မှု၊ စာလုံးပေါင်းသတ်ပုံ၊ အမည်နာမအသစ်၊ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်းကိစ္စရပ်များတွင် အငြင်းပွားဖွယ်ရာများရှိ၍ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီးမှသာ ထုတ်ပြန်သွားရန်လျာထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

လူမျိုးများစာရင်းတွင် တိုင်းရင်းသားလူမျိုးများ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသားလူမျိုးစုငယ်များ ပါဝင်မှု၊ စာလုံးပေါင်းသတ်ပုံ၊ အမည်နာမအသစ်၊ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်းကိစ္စရပ်များတွင် အငြင်းပွားဖွယ်ရာများရှိ၍ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပြီးမှသာ ထုတ်ပြန်သွားရန်လျာထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 22 February 2018

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှ ကောက်ယူရရှိထားသော လူမျိုးများစာရင်းတွင် တိုင်းရင်းသားလူမျိုးများ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသားလူမျိုးစုငယ်များ ပါဝင်မှု၊ စာလုံးပေါင်းသတ်ပုံ၊ အမည်နာမအသစ်၊ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်း ကိစ္စရပ်များတွင် အငြင်းပွားဖွယ်ရာများရှိသည့်အတွက် ညှိနှုှိုင်းဆွေးနွေးမှုများပြုလုပ်ပြီးမှသာ ထုတ်ပြန်သွားရန်လျာထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၁ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရှန်အောရ်က ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးစီးသည်မှာ သုံးနှစ်ခွဲကျော် ကြာလာပြီဖြစ်သော်လည်း မြန်မာနိုင်ငံ၏ လူဦးရေနှင့်ပတ်သက်၍ လူမျိုးအလိုက်၊ လူမျိုးစုအလိုက် ရလဒ်ထုတ်ပြန်ခြင်းမရှိသေးသဖြင့် မည်သည့်အချိန်တွင် ထုတ်ပြန်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းသည်။

အဆိုပါမေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကနေ ကောက်ယူရရှိထားတဲ့ လူမျိုးများစာရင်းမှာ တိုင်းရင်းသားလူမျိုးများ ဖွဲ့စည်းပါဝင်မှု၊ တိုင်းရင်းသားလူမျိုးစုငယ်များ ပါဝင်မှု၊ စာလုံးပေါင်းသတ်ပုံ၊ အမည်နာမအသစ်၊ တိုင်းရင်းသားဖြစ်ခြင်း မဖြစ်ခြင်း ကိစ္စရပ်များတွင် အငြင်းပွားဖွယ်ရာများရှိသည့်အတွက် ညှိနှုှိုင်းဆွေးနွေးမှုများပြုလုပ်ပြီးမှသာ ထုတ်ပြန်သွားဖို့လျာထားပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့အတွက် နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြ၍ တိုင်းရင်းသားရေးရာကော်မတီဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ သမိုင်းပညာရှင်များ၊ ယဉ်ကျေးမှုပညာရှင်တွေနဲ့ လူဦးရေပညာရှင်တွေ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေနဲ့ အဆင့်ဆင့်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ကာ တိုင်းရင်းသားလူမျိုးအမည်များ သတ်မှတ်ပြီးမှသာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်” ဟုပြောကြားသည်။

မြန်မာနိုင်ငံတွင်နေထိုင်သော တိုင်းရင်းသားမျိုးနွယ်စု အမည်စာရင်းများ သတ်မှတ်ပြုစုရာတွင် ၁၉၃၁ ခုနှစ်တွင်ပြုစုခဲ့သော သန်းခေါင်စာရင်းအရ လူမျိုးစုစာရင်းအပေါ် အခြေခံ၍လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် မျိုးနွယ်စု စာရင်းအရလည်းကောင်း၊ ၁၉၆၁ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းစာပေနှင့်ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် မြန်မာနိုင်ငံ သမိုင်းကော်မရှင်၏ အကြံပြုချက်များအရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ ညှိနှိုင်းချက်အရလည်းကောင်း အခြေခံ၍ လူမျိုးစုစာရင်းကိုပြုစုပြီး ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့ကြောင်း၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းအရ လူမျိုးနွယ်စု ၁၃၅ မျိုးရှိကြောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အဆိုပါလူမျိုးနွယ်စု ၁၃၅ မျိုးကိုပင် အတည်ပြုအခြေခံကာ လူမျိုးစုစာရင်းကောက်ယူခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် မတ် ၃၀ ရက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ၁၉၇၃ ခုနှစ်က ကောက်ယူရရှိခဲ့ပြီး မှတ်တမ်းတင်ထားသော လူမျိုး ၁၃၅ မျိုးစာရင်းကို အခြေခံဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခဲ့ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းအရ လူမျိုးအမည် ဖြည့်သွင်းရာ၌ ဖြေဆိုသူက ပြောကြားသည့်အတိုင်းသာ ကောက်ယူခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း မကောက်ယူမီနှင့် ကောက်ယူပြီးကာလများတွင် လူမျိုးအမည်၊ ဖွဲ့စည်းမှု၊ လူမျိုးအုပ်စုများနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်ရာကိစ္စရပ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ လွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့အစည်းများ၏ မေးမြန်းချက်၊ တင်ပြချက်များကို လက်ခံရရှိခဲ့ကြောင်း၊ ဥပမာအနေဖြင့် လူမျိုးမေးခွန်းများမှာ နိုင်ငံတော်မှ အသိအမှတ်ပြုထားသော လူမျိုးစာရင်းတွင် ပါဝင်ခြင်းရှိ မရှိ စိစစ်ပြန်ကြားပေးရန်ကိစ္စ၊ လူမျိုးစုတစ်မျိုးစီ ဟုတ် မဟုတ် စိစစ်ပြန်ကြားပေးရန်မေးမြန်းချက်၊ သီးခြားမျိုးနွယ်စုတစ်စုဖြစ်ပြီး မျိုးနွယ်စုကြီးတွင်မပါဝင်ပါကြောင်း တင်ပြချက်၊ လူမျိုးစု၏အမည်မှန်၊ လူမျိုးတို့၏ ကိုယ်ပိုင်အမည်ကို မူရင်းအတိုင်း မှန်ကန်စွာ ရေးသားပြောဆိုသုံးနှုန်းနိုင်ရေးအတွက် တရားဝင်အသိအမှတ်ပြု ထုတ်ပြန်ပေးပါရန် တင်ပြချက်၊ ကချင်လူမျိုးစုတွင် လူမျိုး ၁၂ မျိုးအစား ခြောက်မျိုးသာရှိကြောင်း တင်ပြချက်၊ ကရင်လူမျိုးစုတွင် လူမျိုး ၁၁ မျိုးအစား ခုနစ်မျိုးသာရှိကြောင်း တင်ပြချက်၊ ချင်းလူမျိုးစုတွင် ၅၃ မျိုးမရှိကြောင်း တင်ပြချက်များကို လက်ခံရရှိထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

Most Read

Most Recent