မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လွိုင်ကော်မြို့တွင် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လွိုင်ကော်မြို့တွင် တွေ့ဆုံဆွေးနွေး
Published 22 February 2018

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်နှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အား ကယားပြည်နယ် လွိုင်ကော်မြို့ရှိ KNPP ဆက်ဆံရေးရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း KNPP ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောကြားသည်။

အဆိုပါတွေ့ဆုံမှု၌ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က ကယားပြည်နယ် ခုနစ်မိုင်ကုန်းတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် KNPP ပဋိပက္ခဖြစ်စဉ်များအား အဓိကဆွေးနွေးခဲ့ကြသည်။

“ငြိမ်းချမ်းရေးအခြေအနေကတော့ ကျွန်တော်တို့က သူ့ကိုရှင်းပြပါတယ်။ ပြီးခဲ့တဲ့နှစ်ရက် အစည်းအဝေးကနေပြီးတော့ NCA လမ်းကြောင်းကတော့ ဆက်သွားမယ်လေ။ သို့သော်လည်းပဲ ကျွန်တော်တို့ ခုနစ်မိုင်ကုန်းကိစ္စရှိတယ်လေ။ ရှိတော့ ကျွန်တော်တို့ NCA ထိုးဖို့ ကျွန်တော်တို့ကိုအချိန်ပေးရမယ်။ တရားမျှတစွာ ဆုံးဖြတ်မှုအပေါ်ကြည့်ပြီးတော့ လက်မှတ်ထိုးဖို့က တစ်နည်းတစ်ဖုံဖြစ်လာမှာပေါ့လေ။ လက်မှတ်မထိုးနိုင်တဲ့အချိန်မှာ ကျွန်တော်တို့နဲ့ ပြီးခဲ့တဲ့အစိုးရနဲ့ကြားမှာ သဘောတူညီချက်တွေရှိတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေလည်းရှိတယ်။ သဘောတူညီချက်တွေကို လက်ရှိအစိုးရကော တပ်မတော်ကောက ပြန်လည်ပြီး လိုက်နာအသိအမှတ်ပြု အကောင်အထည်ဖော် ဆောင်ရွက်ဖို့ပေါ့လေ။ ဒီအပိုင်းတွေက သူ့အနေနဲ့က ချဉ်းကပ်ပြီးတော့ အစိုးရကော တပ်မတော်ကော လက်တွဲပြီးဆောင်ရွက်ဖို့ ပြောဖြစ်တယ်။ နောက်တစ်ခုက သူကလည်းမေးပါတယ်။ ပြီးခဲ့တဲ့ ခုနစ်မိုင်ကုန်းကိစ္စနဲ့ပတ်သက်ပြီးတော့မှ နောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲဆိုတော့ ကျွန်တော်တို့ကတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သီးသန့်ဆောင်ရွက်ပေးပါမယ်ပေါ့။ တရားမျှတခြင်းရှိ မရှိ ကျွန်တော်တို့စောင့်ကြည့်မယ်ပေါ့” ဟု ဦးရွှေမျိုးသန့်က ပြောကြားသည်။

ထို့ပြင် ပြည်နယ်တွင်းရှိ နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ ဒေသခံတိုင်းရင်းသား နိုင်ငံရေးပါတီများအနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာတစ်နေရာသာ အနိုင်ရထားကြောင်း၊ ပြည်နယ်တွင်း နိုင်ငံရေးလှုပ်ရှားမှုများ နောက်ကျမည်ကို စိုးရိမ်သောကြောင့် လူထုသဘောထားအမြင်များ ထွက်လာရန်အတွက် KNPP အနေဖြင့် ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း၊ ပြည်နယ်တွင် ဖွံ့ဖြိုးရေးကိစ္စများ လုပ်ဆောင်နေသည်များကို KNPP ဘက်က သံအမတ်ကြီးအား ပြောကြားခဲ့ကြောင်း သိရသည်။

“NCA ထိုးဖို့တော့ သူတို့ဖိအားတော့မပေးဘူး။ ဒါပေမဲ့ နိုင်ငံရေးလမ်းကြောင်းအရက လုပ်ရင်တော့ပိုကောင်းတယ်ပေါ့။ သူအဲလိုတော့ သွယ်ဝိုက်တဲ့နည်းနဲ့ပြောတာပေါ့။ နောက်သူပြောတာက တပ်မတော်က တစ်ခုတည်းပဲရှိရမယ်ပေါ့။ သူပြောသေးတယ်။ ကျွန်တော်တို့လည်း နားလည်ပါတယ်လို့။ ဘယ်နိုင်ငံမဆို ဥပမာ သူ့ပြည်နယ်နဲ့ သူ့တပ်နဲ့ဆိုတာက လက်တွေ့မှာကျတော့ဖြစ်နိုင်ဖို့ အခြေအနေကခက်ခဲတယ်ပေါ့။ သူအဲလိုပြောတယ်။ ဒါပေမဲ့ သူတို့လည်း ဖိအားပေးတာ မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ သူတို့တပ်မတော်နဲ့တွေ့လည်း သူတို့အဲလိုဖျောင်းဖျပေးမှာပါတဲ့။ အဲဒီအခြေအနေက ကျွန်တော်တို့အားလုံး နှစ်ဖက်ယုံကြည်မှုဖြစ်ရမှာပေါ့။ သူအဲလိုပြောတယ်။ အဲလိုအခြေအနေမျိုးက အားလုံးက နှစ်ဖက်အကြွင်းမဲ့ ယုံကြည်ရမယ့်အခြေအနေမျိုးပါ သူပြောတာအဲလိုပါ” ဟု KNPP လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူးညေးရယ်က ပြောကြားသည်။

တပ်မတော်နှင့် KNPP ပဋိပက္ခဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့သော အရပ်သားတစ်ဦးနှင့်ပတ်သက်၍ ကယားပြည်နယ်ဝန်ကြီးချုပ်က ကနဦးတွင် အရပ်သားတစ်ဦး သေဆုံးသည်ကို မသိရှိခဲ့သော်လည်း ယခုအခါ တရားမျှတမှုရှိစေရန်အတွက် ဖြစ်စဉ်အတွင်း လွတ်မြောက်သွားသော KNPP ရဲဘော်တစ်ဦးအား တွေ့ဆုံမေးမြန်းလိုကြောင်းနှင့် ရဲဘော်၏လုံခြုံရေးအား ဝန်ကြီးချုပ်က တာဝန်ယူပေးမည်ဟု ကတိပေးသဖြင့် မကြာမီရဲဘော်အား ခေါ်ယူတွေ့ဆုံပေးရန် KNPP ဘက်က စီစဉ်ထားကြောင်း ခူးညေးရယ်၏ပြောကြားချက်အရ သိရသည်။

Most Read

Most Recent