ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာအစီအစဉ်ကို ဆင်းရဲသောပြည်နယ်နှင့် တိုင်းများအား ဦးစားပေးလျက် သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဘဏ္ဍာငွေတစ်ရပ် ထည့်သွင်းရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်အဆို အမျိုးသားလွှတ်တော် အတည်မပြု

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာအစီအစဉ်ကို ဆင်းရဲသောပြည်နယ်နှင့် တိုင်းများအား ဦးစားပေးလျက် သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဘဏ္ဍာငွေတစ်ရပ် ထည့်သွင်းရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်အဆို အမျိုးသားလွှတ်တော် အတည်မပြု
Published 21 February 2018

ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု One Village One Product (OVOP) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမဟာဗျူဟာ (Rural Development Strategy) အစီအစဉ်ကို ဆင်းရဲသော ပြည်နယ်နှင့်တိုင်းများအား ဦးစားပေးလျက် သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဘဏ္ဍာငွေတစ်ရပ် ထည့်သွင်းရေးဆွဲကာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန်အဆိုအား အမျိုးသားလွှတ်တော်တွင် အတည်မပြုခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ယင်းအဆိုနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့်က ပြန်လည်ရှင်းလင်းခြင်းများ ပြုလုပ်ပြီးနောက် မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်သူများသည့်အတွက် အဆိုအား အတည်မပြုခဲ့ခြင်းဖြစ်သည်။

ယင်းအဆိုနှင့်ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က “မိမိတို့နိုင်ငံအနေနဲ့ OVOP စီမံကိန်းကို မိမိဒေသရဲ့ထွက်ကုန်အပေါ်မှာ ကောင်းမွန်ပြီး မတူကွဲပြားတဲ့အရည်အသွေး၊ လက္ခဏာတစ်ရပ်ရရှိအောင် ဖန်တီးထုတ်လုပ်ပြီး ဒေသရဲ့လူမှုစီးပွားဖွံ့ဖြိုးမှုကို ဆောင်ရွက်နိုင်တဲ့ အလားအလာကောင်းတွေ ရှိနေပါတယ်။ သို့ရာတွင် တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင် ကျေးရွာတွေမှာ ထုတ်ကုန်ထုတ်လုပ်ဖို့အတွက် လိုက်လျောညီထွေမှုရှိတဲ့ အခြေခံအဆောက်အအုံတွေ တည်ရှိမှု၊ ရန်ပုံငွေရရှိမှု၊ ဈေးကွက်ခိုင်မာစေမယ့် ထုတ်လုပ်မှုနည်းပညာရရှိမှု၊ ကျေးရွာသူကျေးရွာသားတွေရဲ့ စုစည်းညီညွတ်စွာ ပူးပေါင်းပါဝင်မှု၊ ၎င်းတို့ဒေသရဲ့ ထွက်ကုန်အပေါ်မှာ တီထွင်ဖန်တီးထုတ်လုပ်လိုမှုတို့ကို မြှင့်တင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လယ်ယာထွက်ကုန်ကို ရွေးချယ်မယ်ဆိုရင် တစ်မည်တည်းရွေးချယ်ထားမှုအပေါ်မှာ မမျှော်လင့်တဲ့ သဘာဝဘေးအန္တ ရာယ်၊ ဈေးကွက်ကျဆင်းမှုတို့ကို ကြံ့ကြံ့ခံနိုင်မယ့် အခြားရွေးချယ်မှုတစ်ရပ် ထားရှိရေး စတဲ့အချက်အလက်ပေါင်းတွေကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်” ဟု လွှတ်တော်တွင် ပြောကြားသည်။

၂၀၁၂-၂၀၁၃ ခုနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် သပြေကုန်းကျေးရွာတွင် OVOP ပုံစံဖြင့် ကညွတ်သီးနှံကို စမ်းသပ်ဆောင်ရွက်ခဲ့ရာ အစုအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်အားနည်းခဲ့သည့်အတွက် အကောင်အထည်ဖော်နိုင်မှုအပိုင်းတွင် အားနည်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့အတွက် လက်ရှိတွင် အကောင်အထည်ဖော်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများ၏ အသီးအပွင့်များကို အခြေပြုပြီး နိုင်ငံတကာမှ ဆောင်ရွက်သည့်နည်းလမ်းများအပေါ် သုံးသပ်ချက်များအရ နိုင်ငံ၏အခြေအနေ ထင်ဟပ်ဆောင်ရွက်မှသာ ခိုင်မာသည့်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကိုလည်း ထိထိရောက်ရောက် အကျိုးရှိရှိ သုံးစွဲနိုင်မည်ဖြစ်သည်ကို သုံးသပ်ရရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် OVOP ၏ အခြေခံအချက်များနှင့် လိုက်လျောညီထွေပြီး ကျေးရွာ၏ လူမှုစီးပွားတစ်ရပ်လုံးကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ကြီးက နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး ရင်းနှီးမြှုပ်နှံနိုင်မှုကို ထည့်သွင်းစဉ်းစားရန် လိုအပ်မှုရှိနေသည့် အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုကို အကျိုးရှိထိရောက်စွာ သုံးစွဲအကောင်အထည်ဖော်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများမှ ကျေးရွာများ၏ အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိဆဲဖြစ်သည့် အခြေအနေဖြစ်ကြောင်း၊ စီမံကိန်းများမှ ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်တည်ဆောက်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိဆဲဖြစ်သည့် အခြေအနေဖြစ်ခြင်း၊ အခြေခံကောင်းများအပေါ်တွင် စနစ်တကျအကောင်အထည်ဖော်နိုင်ရန်အတွက် အချိန်ယူဆောင်ရွက်ရမည့် အခြေအနေများ ရှိနေသည့်အတွက် အဆိုအား မှတ်တမ်းအဖြစ်သာ ထားရှိသင့်ကြောင်း ပြောကြားသည်။

ကျေးလက်ဒေသများအတွက် မြစိမ်းရောင်စီမံကိန်းသည် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားစေရန်အတွက် အစီအစဉ်များရေးဆွဲထားကြောင်း၊ တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ ကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေအဖြစ် နိုင်ငံတော်ဘဏ္ဍာမှ ထောက်ပံ့ပေးသည့် စီမံကိန်းညွှန်းကိန်းနှင့်ကိုက်ညီသည့် ကျေးရွာပေါင်း ၉၈၉၄ တွင် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မြစိမ်းရောင် အသားကဏ္ဍ၊ ငါးကဏ္ဍများကို သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ဖောက်ကားရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေးစသည့် ဝင်ငွေရလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

မြစိမ်းရောင်အသားကဏ္ဍ၊ ငါးကဏ္ဍနှင့် မြစိမ်းရောင်ကျေးရွာအပါအဝင် ပြည်နယ်၊ တိုင်းဒေသကြီးအတွင်းတွင်ရှိသည့် ကျေးရွာများတွင် ဆင်းရဲမှုလျှော့ချရေးနှင့် အလုပ်အကိုင်ရရှိရေးအတွက် ဌာနရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များအား ကျေးရွာများတွင် ထုတ်လုပ်ရာ၌ အပံ့အပိုးဖြစ်စေမည့် ရေရရှိရေး၊ မီးလင်းရေးများနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများကိုလည်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ပေးလျက်ရှိကြောင်း၊ ကျေးရွာများတွင် အမှန်တကယ်လိုအပ်သည့် အခြေခံအဆောက်အအုံများကို ကျေးရွာလူထုကိုယ်တိုင်က အကောင်အထည်ဖော် ဆောင်ရွက်ရသည့် လူထုဗဟိုပြုစီမံကိန်းကို မြို့နယ် ၆၃ မြို့နယ်ရှိ ကျေးရွာအားလုံးတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အဆိုပါကျေးရွာများတွင် လူမှုစီးပွားအခြေခံအဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးမှုလက္ခဏာများ ပေါ်ထွန်းပြီး ကျေးလက်ကုန်ထုတ်လုပ်ရေးကို အထောက်အကူဖြစ်စေလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဒုတိယဝန်ကြီးက မှတ်တမ်းအဖြစ်ထားရှိရန် ဖြေကြားမှုအပေါ်တွင် အဆိုရှင် ဒေါ်ထုမေက လွှတ်တော်၏ အဆုံးအဖြတ်သာခံယူမည်ဟု ပြောကြားသည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၉၃ ဦးအနက် ထောက်ခံသူ ၇၁ ဦး၊ ကန့်ကွက်ဆန္ဒမဲ ၁၀၆ မဲ၊ ကြားနေဆန္ဒမဲ ခုနစ်မဲ ဖြစ်သည့်အတွက် အဆိုအား အမျိုးသားလွှတ်တော်က အတည်မပြုကြောင်း ကြေညာခဲ့သည်။

Most Read

Most Recent