ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အနေဖြင့် NCA လမ်းကြောင်းအတိုင်း ပါဝင်ရန် ခက်ခဲသွားပြီ ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အနေဖြင့် NCA လမ်းကြောင်းအတိုင်း ပါဝင်ရန် ခက်ခဲသွားပြီ ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 16 February 2018

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ပါဝင်ရန် ခက်ခဲသွားပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းကပြောကြားသည်။

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အနေဖြင့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့နှင့်အတူ ပါဝင် လက်မှတ်ရေးထိုးမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်း ပါဝင်မှု မရှိခဲ့သည့်အပေါ် ဦးဇော်ဌေးက ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် NCA စာချုပ်တွင် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် နိုင်ငံအတွင်း ဝင်ခွင့်မရှိသည့် (ANC) ခေါင်းဆောင်များ ဝင်ရောက်နိုင်ရေး၊ ပြည်ထောင်စုနေ့ ညစာ စားပွဲတွင် လက်မှတ်ရေးထိုးထားသည့် ရှစ်ဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ လားဟူတို့နှင့်အတူ တက်ရောက်ခွင့် ရရှိရန်အထိ ပြင်ဆင်ဆောင်ရွက်ခဲ့သော်လည်း ဖေဖော်ဝါရီ ၁၁ ရက် ညတွင် လက်မှတ်ရေးထိုးရန် ပျက်ပြယ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ ANC နဲ့ပြောရရင်တော့ ၁၁ ရက် ညဉ့်နက်ပိုင်းအထိ ကျွန်တော်တို့ ညှိတယ်ပေါ့။ ညှိတဲ့အခါ ANC ကို နောက်ဆုံးအချိန်အထိ ညှိတယ်။ အဲ ၁၁ ရက် ညအထိ ညှိပြီး ၁၁ ရက် ညမှာပဲ အဖြေရတယ်။ အဖြေရတော့ လက်မှတ်ရေးထိုးမယ့် အခြေအနေမှာ ANC အနေနဲ့ လိုက်ပါနိုင်ခြင်း မရှိဘူး။ သူတို့လည်း Statement ထုတ်ထားပါတယ်။ ANC အတွက်ကတော့ ဒါဟာ နောက်ဆုံး ရထားလို့ ကျွန်တော် ပြောတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ အခြေအနေနဲ့ ကျန်တဲ့အဖွဲ့တွေ မရှိတော့ဘူး။ ဒီအဖွဲ့ လိုက်ပါချင်ရင် ဖေဖော်ဝါရီ ၁၃ ရက် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပါလို့ ကျွန်တော်ပြောတယ်။ ပြောတော့ သူတို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ လိုက်ပါနိုင်ခြင်း မရှိဘူးပေါ့နော်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) သည် NCA မရေးထိုးမီ ဂုဏ်သိက္ခာအရ လားဟူဒီမိုကရက်တစ်အစည်းအရုံး ကဲ့သို့ပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် တောင်းသဖြင့် အဆိုပါ အစီအစဉ်အထိ နောက်ဆုံးစီစဉ်ပေးခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ပါဝင်လာသဖြင့် အဆင်မပြေမှုဖြစ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့အား NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် အစိုးရဘက်က အသိအမှတ်ပြု ဆွေးနွေးခဲ့သော်လည်း အဆိုပါ အဖွဲ့အစည်းနှစ်ဖွဲ့သည် နိုင်ငံရေးအဖွဲ့အစည်း ပုံသဏ္ဌာန် ဖြစ်နေသဖြင့် ၎င်းတို့အား နိုင်ငံရေးဆွေးနွေးပွဲ တက်လှမ်းနိုင်ရေး NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ တော်တော်လေး လုပ်ပေးပါတယ်။ သို့သော်လည်းပဲ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ANC က သူတို့မှာ တပ်တွေ ရှိတယ်။ ကျွန်တော်တို့က မရှိဘူးပေါ့။ ကျွန်တော်တို့ အဖြစ်နိုင်ဆုံး နည်းလမ်းနဲ့ နောက်ဆုံးသော ကမ်းလှမ်းမှု ကျွန်တော်တို့ လုပ်တယ်။ သို့သော် ANC ကို အဲ့ကတည်းက အပြတ်ပြောတယ်။ ဒီအခွင့်အရေးက နောက်ဆုံးပါ။ UNFC မှာ ကျန်တာ နှစ်ဖွဲ့ပဲ ကျန်တယ်။ KNPP က ကျွန်တော်တို့နဲ့ သဘောတူထားတာ Bilateral သွားမယ်။ ဒီတစ်ဖွဲ့တည်းနဲ့တော့ သီးသန့်သွားဖို့ မရှိဘူး။ အမိအရ ဆုပ်ကိုင်ပါပြောတယ်။ နောက်ဆုံးအကြိမ်ကြိမ် ညှိတယ်။ အဆင်မပြေတော့ ကျွန်တော်တို့ ပြောတဲ့အတိုင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တစ်နည်းနည်းနဲ့တော့ ပါဝင် ပတ်သက်နိုင်ဖို့တော့ ရှိပါတယ်။ သို့သော် NCA လမ်းကြောင်းကတော့ သူတို့အတွက် တော်တော်လေး ခက်သွားပြီ အဲ့ဒါကိုပြောတာ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

၂၀၁၈ ခုနှစ်အတွင်း NCA လက်မှတ် ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့် အခြေအနေအား တွေ့မြင်နေပြီး မည်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက လက်မှတ်ရေးထိုးမည်ကို ပြောဆို၍ မရသေးကြောင်း အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောကြားသည်။

“၂၀၁၈ ခုနှစ်အတွင်းမှာ တခြားအဖွဲ့တွေနဲ့ ထိုးနိုင်တဲ့ အခြေအနေ ရှိသလား ဆိုရင်တော့ ရှိတယ်လို့ပဲ ကျွန်တော်ဖြေရပါလိမ့်မယ်။ ဘယ်အဖွဲ့တွေလဲ ဆိုတာတော့ အခုအချိန်မှာ ဖွင့်ပြောလို့ မရသေးပါဘူး။ ၂၀၁၈ ခုနှစ်အတွင်းမှာ အများကြီး ဖြစ်နိုင်သေးတယ်။ may be ၁၀ လတော့ ရပါသေးတယ်။ ၁၀ လ အတွင်းမှာ ကျွန်တော်တို့ ရအောင် ညှိနှိုင်းမယ်။ ကျန်တဲ့အဖွဲ့တွေ ပါလာနိုင်စရာ Positive တွေ ကျွန်တော်တို့ တွေ့ပါတယ်။ သို့သော် မည်သည့်အဖွဲ့တွေ ဖြစ်တယ်ဆိုတာ ဒီအချိန် မှာ ကျွန်တော်ပြောလို့ မဖြစ်သေးပါဘူး”ဟု ဦးခင်ဇော်ဦးက ပြောကြားသည်။

UNFC အဖွဲ့တွင် ကျန်ရှိသည့် နှစ်ဖွဲ့အနက် ANC အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲ တက်လှမ်းရန်အတွက် NCA လမ်းကြောင်းအတိုင်း ပါဝင်ခွင့်ရရှိရန် မလွယ်ကူတော့ဘဲ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) သာ NCA ထပ်မံ ရေးထိုးရာတွင် ပါဝင်ခွင့်ရှိမည် ဖြစ်သည်။

ထို့အတူ ယခု NCA လက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့သည် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ပူးတွဲဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) တွင် ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိမည် ဖြစ်သော်လည်း တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးတွဲဖွဲ့စည်းသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC ) တွင် မူလားဟူဒီမိုကရက်တစ် အစည်းအရုံးသည် ပါဝင်ခွင့်မရှိကြောင်း စုံစမ်းသိရသည်။

Most Read

Most Recent