NCA လက်မှတ်ရေးထိုးရေး အပါအ၀င် အဖွဲ့ဝင်များအရေး ဆွေးနွေးမည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံအား ယနေ့စတင်ကျင်းပမည်

NCA လက်မှတ်ရေးထိုးရေး အပါအ၀င် အဖွဲ့ဝင်များအရေး ဆွေးနွေးမည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံအား ယနေ့ (ဇွန် ၂၀ ရက်တွင်) စတင်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

UNFC ၏ ညီလာခံသည်တစ်ပတ်ကျော် ကြာမြင့်မည်ဖြစ်ပြီး UNFC အဖွဲ့ဝင် အဖွဲ့အစည်းများအကြားတွင် ပြုလုပ်ခြင်းနှင့် UNFC အဖွဲ့ဝင်မဟုတ်သည့် အဖွဲ့အစည်းများဖြင့် ပြုလုပ်ခြင်းဟူ၍ အပိုင်းနှစ်ပိုင်းဖြင့် ကျင်းပသွားရန်ရှိကြောင်း သိရသည်။

UNFC ၏ညီလာခံသို့ UNFC အဖွဲ့ဝင်မဟုတ်သည့် အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖိတ်ကြားထားကြောင်းသိရပြီး ဖိတ်ကြားခံထားရသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနက် တက်ရောက်မည့်အဖွဲ့များလည်းရှိပြီး တက်ရောက်ရန် ဆုံးဖြတ်ချက်မချရသေးသည့် အဖွဲ့များလည်းရှိနေသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် ပတ်သက်၍ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် တရားဝင်ငါးကြိမ် တွေ့ဆုံထားပြီး ပြီးခဲ့သည့်ဇွန် ၁၀ ရက်တွင် ဆွေးနွေးပွဲများ ပြန်စတင်နိုင်ရန် ငြိမ်းချမ်းရေးကော်မရှင်၏ ကိုယ်စားလှယ်အဖွဲ့နှင့် DPN တို့ ထိုင်းနိုင်ငံတွင်တွေ့ဆုံခဲ့ပြီး ဆဋ္ဌမအကြိမ် တရားဝင်နှစ်ဘက်တွေ့ဆုံ ဆွေးနွေးပွဲအား ဇူလိုင်ပထမပတ်တွင် ကျင်းပရန် သဘောတူ လျာထားခဲ့ကြောင်း သိရသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် ‘၀’ အမျိုးသားအဖွဲ့ချုပ် (WHO) တို့ပါဝင်သည်။ ယခုပြုလုပ်မည့်ညီလာခံတွင် UNFC မှနုတ်ထွက်ခွင့်တောင်းခံသည့် အဖွဲ့ဝင်များနှင့် ပတ်သက်၍လည်း ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် UNFC ၏ခေါင်းဆောင်မှုနှင့် အဓိကအမာခံအဖွဲ့အစည်းဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) မှာအဖွဲ့ဝင်အဖြစ် နုတ်ထွက်ခွင့်တောင်းခံထားသဖြင့် အဖွဲ့၏ခေါင်းဆောင်မှုနှင့် ပတ်သက်၍ မည်သို့ဆက်လက် ဆောင်ရွက်သွားမည်ကို မေးမြန်းမှုအား လတ်တလောတွင် အဆိုပါကိစ္စအား ပြောကြားနိုင်ခြင်းမရှိကြောင်း UNFC တွဲဘက်အတွင်းရေးမှူး ဦးထွန်းဇော်ကဆိုသည်။

ထို့အတူ ‘၀’ အမျိုးသားအဖွဲ့ချုပ် (WHO) မှာလည်း UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန် စာတင်ထားသည်။

ထို့ပြင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှာ UNFC တွင်ပါဝင်လျက်ရှိသော်လည်း အစိုးရနှင့် နိုင်ငံရေးဆွေးနွေးနိုင်ရန် NCA အားပြင်ဆင်မှုပြုလုပ်၍ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်လိုသည့် ‘၀’ အဖွဲ့ဦးဆောင်သော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည်။

NCA တွင်ပါဝင်လက်မှတ်ရေးထိုးရန်အတွက် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့သည် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် မတ် ၃ ရက်က စတုတ္ထအကြိမ် တွေ့ဆုံခဲ့ပြီး UNFC ၏အဆိုပြုချက် ကိုးချက်အပေါ်ကို ဆွေးနွေးခဲ့ရာ နှစ်ဖက်လက်ခံနိုင်သည့် အချက်ကိုးချက်အား မူအားဖြင့်သဘောတူခဲ့ကြောင်း ဆွေးနွေးပွဲအပြီး သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့တရားဝင်ငါးကြိမ်မြောက် တွေ့ဆုံမှုအဖြစ် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ၂၀၁၇ ခုနှစ် ဧပြီ ၂၈ ရက်ကနောက်ဆုံးတွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် မူအားဖြင့်သဘောတူထားသည့် အချက်ကိုးချက်နှင့် ပတ်သက်၍ UNFC ခေါင်းဆောင်များက ပြင်ဆင်ချက်အချို့ ပြုလုပ်ထားမှုအား DPN ဘက်မှ တင်ပြဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက်တစ်စုံတစ်ရာမရရှိခဲ့ပေ။ နေပြည်တော်တွင် မေလကပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး တက်ရောက်ရန် UNFC အဖွဲ့အား ‘အထူးဖိတ်ကြားသူ’ အဆင့်အနေအထားဖြင့်သာ ဖိတ်ကြားခဲ့သဖြင့် တန်းတူရည်တူ ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်မရှိဟုဆိုကာ ပါဝင်တက်ရောက်နိုင်မည် မဟုတ်ကြောင်း UNFC ကကြေညာခဲ့ပြီး ညီလာခံသို့ မတက်ရောက်ခဲ့ပေ။

Writer: 
ဝီရမိုးနေ