နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်လ်တို့ မြန်မာ-အမေရိကန် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်တို့ ဇွန် ၁၆ ရက်က တွေ့ဆုံဆွေးနွေးစဉ် (Photo: U.S.Embassy Rangoon Facebook)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်လ်တို့ နေပြည်တော်၌ တွေ့ဆုံ၍ မြန်မာ-အမေရိကန် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ဇွန် ၁၆ ရက်က ရေးသားထားသည်။

မြန်မာ-အမေရိကန် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲ ဒုတိယအကြိမ် ကျင်းပရန် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

“သံအမတ်ကြီး မာစီရယ်လ်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သောကြာနေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ အမေရိကန်-မြန်မာ မိတ်ဖက်ဆက်ဆံရေးအကြောင်း၊ ပင်လုံငြိမ်းချမ်းရေး ဖြစ်စဉ်အကြောင်းတွေ ဆွေးနွေးခဲ့သလို၊ နိုင်ငံအတွင်း ဒီမိုကရေစီအရေး၊ သာယာဝပြောရေးနဲ့ ငြိမ်းချမ်းရေးတို့ကို  အထောက်အကူ ဖြစ်စေဖို့အတွက် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ နည်းလမ်းတွေ အကြောင်းကိုလည်း ဆွေးနွေးခဲ့ပါတယ်” ဟု အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ဒုတိယအကြိမ် မြန်မာ-အမေရိကန် မိတ်ဖက်ဆက်ဆံရေး ဆွေးနွေးပွဲ ကျင်းပရန်အတွက် နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးတို့အကြား အကြိုညှိနှိုင်း အစည်းအဝေး တစ်ရပ်ကိုလည်း နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ ဇွန် ၁၄ ရက်က ကျင်းပခဲ့ပြီး နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျနှင့် အမေရိကန်သံရုံး၊ ဒုတိယအကြီးအကဲ Ms.Kristen Bauer တို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြိုညှိနှိုင်း အစည်းအဝေးတွင် မြန်မာ-အမေရိကန် မိတ်ဖက်ဆက်ဆံရေးအရ နှစ်နိုင်ငံအကြား ကျန်းမာရေး၊ လူမှုရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ ဘဏ္ဍာရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး အပါအ၀င် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့အတူ အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံ၌ ပိုမိုလိုအပ်လာမည့် စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းပေးရေးကို အထောက်အကူဖြစ်စေရန်အတွက် စွမ်းအင်ဆိုင်ရာ အမေရိကန် ကျွမ်းကျင်သူများ လာရောက်လေ့ကျင့် သင်တန်းပေးရေး ကိစ္စရပ်များကဲ့သို့ မြန်မာနှင့် အမေရိကန် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို စတင်အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းပြီး အမေရိကန်သံရုံးနှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနတို့အကြား ညှိနှိုင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း U.S Embassy Rangoon စာမျက်နှာတွင် ဇွန် ၁၅ ရက်က ရေးသားထားည်။

အမေရိကန်-မြန်မာ မိတ်ဖက်ဆက်ဆံရေး ကဏ္ဍကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ် စက်တင်ဘာက ၀ါရှင်တန်ဒီစီသို့ သွားရောက်လည်ပတ်သည့် ခရီးစဉ်အတွင်း ပထမဆုံး ကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် မြန်မာ-အမေရိကန် မိတ်ဖက် အစည်းအဝေးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည်။

ထိုသို့ ပထမအကြိမ် အစည်းအဝေး ပြုလုပ်ရာတွင် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်ြမှင့်တင်ရေး ကဏ္ဍများနှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း ထိုစဉ်အချိန်က နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ ဆွေးနွေးမှုအတွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံ၏ ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ကူညီအားပေးရာ၌ အရေးကြီးသော နယ်ပယ်များတွင် မည်သို့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်နိုင်မည့်အကြောင်း၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ တောင့်တင်းခိုင်မာသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု တစ်ရပ် တည်ဆောက်ရေး၊ အားလုံးပါဝင်သော စီးပွားရေးဖွံ့ဖြိုးမှုနှင့် ကြံ့ခိုင်သန်စွမ်းသော လူမှုအသိုက်အ၀န်းများ တည်ဆောက်ရေး၊ ပြည်သူမှ-ပြည်သူသို့ ဆက်ဆံရေးနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များတွင် အားပေးကူညီရေး၊ နေပြည်တော်တွင် ထားရှိမည့် အနာဂတ် အမေရိကန် သံတမန်ရေးရာ ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ ယနေ့ အစည်းအဝေးတွင် အစိုးရ အချင်းချင်းသာ မဟုတ်ဘဲ ပညာရေးနှင့် နှီးနှောဖလှယ်ရေး အစီအစဉ်များမှတစ်ဆင့် နှစ်နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေး တိုးမြှင့်မှု အတွက်လည်း ဦးစားပေး ဆွေးနွေးခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

Writer: 
ကျော်ဇင်ဝင်း