၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် နှစ်ရက်ပြုလုပ်လျက်ရှိပြီး လက်စွဲစာအုပ် ပြုစုသွားမည်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် နှစ်ရက်ပြုလုပ်လျက်ရှိပြီး လက်စွဲစာအုပ် ပြုစုသွားမည်
Published 15 February 2018

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နားလည်သဘောပေါက်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် နှစ်ရက်တာပြုလုပ်နေပြီး ဆွေးနွေးချက်ရလဒ်များကို လက်စွဲစာအုပ် ပြုစုသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူထံမှ သတင်းရရှိသည်။

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ Royal Taunggyi Hotel တွင် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၅ ရက်အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နားလည်သဘောပေါက်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို နှစ်ရက်တာပြုလုပ်ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်တွင်းရှိ နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေဆိုင်ရာ တာဝန်ရှိသူများနှင့် ပညာရှင်များ ၃၀ ခန့် တက်ရောက်ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဖွံ့ဖြိုးမှုပညာရေးနယ်ပယ်မှ ကျွမ်းကျင်သူများ၏ အဖွဲ့အစည်းတစ်ခုဖြစ်သော သြစတြေးလျ-မြန်မာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီမိုကရေစီ စီမံကိန်း (AMCDP) နှင့် ဒီမိုကရေစီနိုင်ငံများကို ကိုယ်စားပြုသည့် အစိုးရများကြား ညွန့်ပေါင်းအဖွဲ့အစည်းတစ်ခုဖြစ်သော ဒီမိုကရေစီအသိုက်အဝန်း (Community of Democracies) တို့ပူးပေါင်းပြီး ဦးဆောင်ကျင်းပခြင်းဖြစ်ကာ၊ မြန်မာပြည်တွင် အဋ္ဌမအကြိမ်မြောက်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသော ပညာရှင်များသည် သြစတြေးလျ၊ စင်ကာပူ၊ ယူနိုက်တက်ကင်းဒမ်းနှင့် ကနေဒါ စသည့် နိုင်ငံပေါင်းစုံမှပါဝင်ကြောင်း သိရသည်။ ရည်ရွယ်ချက်မှာ ပါဝင်ဆွေးနွေးသူများကို ဖွဲ့စည်းပုံအခြေခံဥပဒေအောင်မြင်စွာ ပြုပြင်နိုင်ရေးအတွက် အမျိုးမျိုးသော ရွေးချယ်စရာများနှင့် နည်းစနစ်များကို ဆုပ်ကိုင်လာနိုင်စေရန် ပံ့ပိုးကူညီပေးနိုင်ရန်ဖြစ်ကြောင်း သိရသည်။

“ရှမ်းပြည်နယ်က Stake holder တွေ အားလုံးဒီ ၂၀၀၈ ကို ဝိုင်းဝန်းဆွေးနွေးနိုင်ကြဖို့ရယ်။ နိုင်ငံတကာအမြင်တွေ၊ သြစတြေးလျက ပညာရှင်တွေနဲ့ အတူတူ ဝိုင်းဝန်းဆွေးနွေးကြရင်းနဲ့ Tool Kit လေးတစ်ခုပေါ့။ လက်စွဲစာအုပ်လေးပေါ့။ ရှမ်းပြည်နယ်အတွက် ထွက်လာနိုင်ဖို့ ရည်ရွယ်ပြီးတော့လုပ်တာပါ” ဟု အလုပ်ရုံဆွေးနွေးပွဲ ညှိနှိုင်းရေးမှူး ဒေါ်မေနှင်းကျော်က ပြောကြားသည်။

“၂၀၀၈ ဖွဲ့စည်းပုံက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေသွားမယ်ဆိုရင်၊ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုကိုသွားမယ်ဆိုရင် အခွင့်အရေးတွေ အာမခံချက်မပါတဲ့အတွက် အသစ်ရေးရင်ရေး၊ မရေးရင်ပြင်ပေါ့။ လုပ်ကိုလုပ်ရမယ့်ကိစ္စ တစ်ခုပဲ၊ ငြိမ်းချမ်းရေးမရခြင်းဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံကြောင့်လားဆိုတာ စဉ်းစားစရာတစ်ခုပေါ့။ ဘာလို့ဆိုတော့ တောင်ကြီးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ဦးဝင်းမြင့်လာတုန်းက ပြောသွားတာရှိတယ်။ အစိုးရလက်ထက်မှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းကိုတစ်ခုပြီးမှ တစ်ခုပြင်မယ်လု့ိ ပြောခဲ့တာရှိတယ်။ ဒါတစ်ပြိုင်တည်းသွားရမယ့် ကိစ္စ၊ ဘာပြီးမှ ဘာလုပ်မယ်ဆိုတာက ၂၀၀၈ ကြောင့် ငြိမ်းချမ်းရေးမရဘူးလား နှောင့်နှေးနေတာလားဆိုတာ စဉ်းစားသုံးသပ်ဖို့ လိုမယ်ထင်ပါတယ်” ဟု SNLD ပါတီမိုင်းရှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းလင်းမြတ်က ပြောကြားသည်။

Most Read

Most Recent