၂၁ ရာစုံပင်လုံ တတိယအစည်းအဝေးကို မွန်ပြည်သစ်ပါတီနှင့် RCSS တို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြီးစီးသည့်အချိန်တွင် ကျင်းပနိုင်မည်ဖြစ်ကြောင်း ဦးဇော်ဌေး ပြောကြား

၂၁ ရာစုံပင်လုံ တတိယအစည်းအဝေးကို မွန်ပြည်သစ်ပါတီနှင့် RCSS တို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြီးစီးသည့်အချိန်တွင် ကျင်းပနိုင်မည်ဖြစ်ကြောင်း ဦးဇော်ဌေး ပြောကြား
Published 14 February 2018

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို မွန်ပြည်သစ်ပါတီနှင့် RCSS တို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြီးစီးသည့်အချိန်တွင် ကျင်းပပြုလုပ်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်ရှိ MICC-2 ခန်းမတွင် ကျင်းပပြုလုပ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာနောက်ဆုံးအပတ်တွင် ကျင်းပပြုလုပ်ရန် JICM အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချထားကြောင်း၊ သို့ရာတွင် RCSS အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စနှင့်ပတ်သက်ပြီး ပြေလည်မှုမရသည့်အတွက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိစ္စပြေလည်မှ ညီလာခံပြုလုပ်မည်ဟု NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST) က ကြေညာချက်ထုတ်ပြန်ထားပြီး လက်ရှိတွင် ညှိနှိုင်းမှုများဆောင်ရွက်နေကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“အဲဒီအချိန်က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေပြေလည်မှ ညီလာခံအစည်းအဝေးတွေ လုပ်မယ်ဆိုပြီးတော့ PPST က ကြေညာချက်ထုတ်တယ်။ ထုတ်ထားတဲ့အတွက် ကျွန်တော်တို့ကြားမှာ ညှိနှိုင်းနေတယ်။ ညီလာခံကျင်းပရေးအတွက် RCSS အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးမှုပြေလည်မှု ဒါကို နှစ်ဦးနှစ်ဘက်ညှိနှိုင်းနေတယ်။ အလွတ်သဘောဆွေးနွေးပွဲတွေလည်း ရှိပါတယ်။ တယ်လီဖုန်းနဲ့မေးနဲ့ ဒါမျိုးညှိနှိုင်းနေတာလည်းရှိပါတယ်။ အလားတူပဲ ကျန်တဲ့ Stake Holder တွေနဲ့သိုင်းဝိုင်းညှိနှိုင်းနေတာလည်း ရှိပါတယ်။ အဲဒါပြေလည်ပြီဆိုရင်တော့ ညီလာခံလုပ်ဖို့သွားလို့ရပြီ” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထို့အတူ မွန်ပြည်သစ်ပါတီအနေဖြင့်လည်း NCA စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် ညီလာခံတွင်ပါဝင်ခွင့်ရရန် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးမှု ကျင်းပရေးအတွက် လုံလောက်သောအချိန်ပေးရန် သဘောတူညီထားကြောင်း ၎င်းက ဆိုသည်။

“မွန်ပြည်သစ်ပါတီကတော့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် မွန်ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ညှိနှိုင်းစဉ်ကလည်း သူတို့ရဲ့တောင်းဆိုချက်တစ်ချက်ပါပါတယ်။ ဘာလဲဆိုတော့ မွန်ပြည်သစ်ပါတီ လက်မှတ်ထိုးပါမယ်။ ထိုးပြီးတာနဲ့ သူတို့ညီလာခံမှာ ပါဝင်နိုင်ရေးအတွက် မွန်ပြည်သစ်အတွက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက် လုံလောက်တဲ့အချိန်ပေးပါဆိုတာလေး သဘောတူထားပါတယ်။ အဲဒီတော့ မွန်ပြည်သစ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပါမယ်။ ကျင်းပပြီးတာနဲ့ နိုင်ငံရေးစာတမ်းကဏ္ဍငါးရပ် စာတမ်းတင်နိုင်ဖို့ ဆောင်ရွက်ပြီးမှပဲ ညီလာခံသွားမှာပါ။ တစ်ချိန်တည်းမှာပဲ RCSS နဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိစ္စ ပြေလည်အောင် ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ အဲဒါပြီးမှ ညီလာခံမှာပါမှာပေါ့” ဟု ဦးဇော်ဌေးက ပြောကြားသည်။

မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် မွန်ပြည်သစ်ပါတီ NMSC အနေဖြင့် ပထမအကြိမ် စတင်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အချိန်ယူဆောင်ရွက်ရမည့် အခြေအနေတွင်ရှိကြောင်းလည်း ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောကြားသည်။

“မွန်ရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဘယ်တော့လုပ်နိုင်မလဲဆိုတာကတော့ NMSC အခြေအနေအပေါ်မှာ မူတည်ပါတယ်။ အခုလက်မှတ်ရေးထိုးထားတဲ့အနေအထားကို သူတို့လူထုကိုရှင်းပြရဦးမယ်။ သဘောထားတွေရှင်းပြရဦးမယ်။ ပြီးမှ အခမ်းအနားတစ်ခုလုပ်ဖို့ဆိုတာ ပထမအကြိမ် လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဝိုင်းကူပေးရပါဦးမယ်။ သူတို့အချိန်နည်းနည်းယူရပါမယ်။ အဲဒီအပေါ်မှာမူတည်ပြီးတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာမှာပါ” ဟု ဦးခင်ဇော်ဦးက ဆိုသည်။

UPDJC အစည်းအဝေးကို ရက်ပိုင်းအတွင်းကျင်းပမည်ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးတွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ လက်မှတ်ရေးထိုးသည့်အခြေအနေများ၊ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်မည့်အခြေအနေများကို ဆွေးနွေးညှိနှိုင်းခြင်း၊ သဘောတူညီချက် ရယူခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent