၂၀၁၈ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်းတွင် အစိုးရ၏စေတနာနှင့် စီးပွားရေးကဏ္ဍအပေါ် နားလည်စာနာပြီး အားပေးအားမြှောက်ပြုလိုသော အခြေအနေများစွာပါဝင်ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ပြောကြား

၂၀၁၈ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်းတွင် အစိုးရ၏စေတနာနှင့် စီးပွားရေးကဏ္ဍအပေါ် နားလည်စာနာပြီး အားပေးအားမြှောက်ပြုလိုသော အခြေအနေများစွာပါဝင်ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 14 February 2018

ဖေဖော်ဝါရီ ၁၀ ရက်ကပြုလုပ်သည့် အခွန်ကိစ္စရပ်များဆိုင်ရာ ဆွေးနွေးပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-UMFCCI)

ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၈ ခုနှစ် ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်းတွင် အစိုးရ၏ စေတနာနှင့် စီးပွားရေးကဏ္ဍအပေါ် နားလည်စာနာပြီး အားပေးအားမြှောက်ပြုလိုသော အခြေအနေများစွာ၊ ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၏ ကြိုးပမ်းမှုများစွာပါဝင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) အနေဖြင့် အခွန်ဆိုင်ရာအထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး အခွန်ဥပဒေများ၊ အခွန်နှုန်းများနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအထောက်အပံ့ဖြစ်စေမည့် အခွန်စနစ်တစ်ရပ် ဖြစ်ပေါ်လာစေရန် အလေးပေးဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် တစ်ဦးတစ်ဖွဲ့အကျိုးစီးပွားနှင့် တစ်ဦးတစ်ဖွဲ့ဆန္ဒထက် မြန်မာနိုင်ငံနှင့် ပုဂ္ဂလိကကဏ္ဍတစ်ရပ်လုံးအတွက် စဉ်းစားသုံးသပ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရဌာနများ၊ လွှတ်တော်အမတ်များနှင့် အကြံပေးအဖွဲ့များ၊ အကြံပေးပုဂ္ဂိုလ်များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

နှစ်ပေါင်းများစွာက ရှုပ်ထွေးစွာစုပြုံနေသော အားနည်းချက်များနှင့် အခက်အခဲများကို တစ်ကြိမ်တည်းမဖြေရှင်းနိုင်သကဲ့သို့ အချို့သောအခက်အခဲများသည် ဥပဒေနှင့်ဆက်စပ်နေသဖြင့် အချိန်ယူဆောင်ရွက်ရမည့်သဘောဖြစ်ကာ ချက်ချင်းလုပ်လို့ရသည့်ကိစ္စများကို ဦးစားပေးအဆင့်များသတ်မှတ်၍ ဆောင်ရွက်နေကြောင်း ဦးရဲမင်းအောင်က ဆိုသည်။

ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် မြန်မာ့စီးပွားရေးအသိုက်အဝန်းအတွက် အရေးကြီးသည့် ဘဏ္ဍာရေးနှစ်နှင့် အခွန်နှစ်ကို ခွဲခြားထားရေးကိစ္စ (အခွန်နှစ်ကို ဧပြီ ၁ ရက်မှ မတ် ၃၁ ရက်အထိ နဂိုအတိုင်းထားရေးကိစ္စ) အပါအဝင် အိမ်ခြံမြေကဏ္ဍအတွက် လိုအပ်နေသောကိစ္စများ၊ စည်းကြပ်မှုမှ လွတ်ကင်းနေသောငွေများအတွက် အခွန်လွတ်ငြိမ်းသက်သာခွင့် သဘောအခြေအနေဖြင့် ၂၀၁၈-၂၀၁၉ တစ်နှစ်တည်းတွင် ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံသားများအားလုံးအတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးထားမှုများပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြဋ္ဌာန်းမည့် ပြည်ထောင်စုအခွန်ဥပဒေကို လက်တွေ့လုပ်ငန်းဆောင်ရွက်နေကြသော လုပ်ငန်းရှင်များအကြား အဆင်ပြေချောမွေ့စေရန်နှင့် နိုင်ငံတော်မှ အခွန်ကောက်ခံရန် ဥပဒေပြဋ္ဌာန်းပြီးမှ ၎င်းဥပဒေပေါ်တွင် အငြင်းပွားနေမှုများမရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာအခွန်ဦးစီးဌာနများမှ ဦးစီးသော အခွန်ကိစ္စရပ်များဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၀ ရက်က ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ပုဂ္ဂလိကကဏ္ဍကို ဦးဆောင်နေသော ကုန်သည်အသင်းအဖွဲ့များနှင့် ပြင်ပကုမ္ပဏီများမှ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်တို့နှင့် ပတ်သက်၍ လက်တွေ့ကျကျ အကြံပြုချက်များဖြင့် ပြည်ထောင်စုအခွန်အကောက်ဥပဒေ ရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် ရန်ကုန်တိုင်းအစိုးရထံ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “လာမယ့်ဧပြီလ ကောက်ခံမယ့်အခွန်စနစ်မှာ လုပ်ငန်းရှင်တွေရော၊ နိုင်ငံတော်အစိုးရရော အားလုံးအဆင်ပြေချောမွေ့တဲ့ အခြေအနေတစ်ခုဖြစ်ချင်ပါတယ်။ နိုင်ငံ့အခွန်ထမ်းတွေဘက်ကလည်း တာဝန်ကျေတဲ့ အခွန်ထမ်းတွေဖြစ်မယ်၊ ကျွန်တော့်တို့ဘက်ကလည်း အခွန်ကို စနစ်တကျကောက်ယူတဲ့ အခြေအနေရောက်အောင် ဆောင်ရွက်လိုပါတယ်။ ဒီအပေါ်မူတည်ပြီး လာမယ့်အခွန်ဥပဒေမှာ အကောင်းဆုံးဖြစ်လာအောင် ကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပြီး ကျွန်တော်တို့အားလုံးပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကို ကျွန်တော်တို့အားလုံး လိုက်နာကျင့်သုံးနိုင်ရပါမယ်။ ကျွန်တော်တို့အားလုံးဆိုတာက အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနဲ့ လုပ်ငန်းရှင်များအားလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်” ဟုပြောကြားသည်။

ပြဋ္ဌာန်းလာမည့် အခွန်ဥပဒေကြောင့် ပြည်တွင်းထုတ်ကုန်များတိုးလာရန် မျှော်လင့်ကြောင်းကိုလည်း ၎င်းက ပြောကြားသည်။