NCA ရေးထိုးပြီးပါက မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး လူထုတွေ့ဆုံပွဲများ ကျင်းပရန် စီစဉ်ထားပြီး အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကဲ့သို့ ခဲယဉ်းမည်ဟု မထင်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ပြောကြား

NCA ရေးထိုးပြီးပါက မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး လူထုတွေ့ဆုံပွဲများ ကျင်းပရန် စီစဉ်ထားပြီး အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကဲ့သို့ ခဲယဉ်းမည်ဟု မထင်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် ပြောကြား
Published 11 February 2018

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးပြီးပါက မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး လူထုတွေ့ဆုံပွဲများ ကျင်းပရန် စီစဉ်ထားပြီး အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များကဲ့သို့ ခဲယဉ်းမည်ဟု မထင်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်မအောင်ငေးက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ချုပ်ဆိုသည့် NCA စာချုပ်တွင် မွန်ပြည်သစ်ပါတီသည် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် လားဟူဒီမိုကရက်တစ် အစည်းအရုံးနှင့်အတူ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပါဝင် လက်မှတ်ရေးထိုးမည် ဖြစ်သည်။

“ကျွန်တော်တို့က နိုင်ငံတော်အကြီးအကဲနဲ့ တွေ့တုန်းကလည်း ဒီကိစ္စ (လူထုတွေ့ဆုံပွဲ) ကို လုပ်ဖို့အတွက်ကို ဆန္ဒအပြည့် ရှိတယ်ပေါ့။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ခင် လူထုတွေ့ဆုံ ဆွေးနွေးပွဲတော့ ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်မယ်။ အဲဒါပြီးမှ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်မယ်။ အဲဒီလိုတော့ လျာထား သတ်မှတ်ထားတာ ရှိပါတယ်” ဟု နိုင်အောင်မငေးက ပြောကြားသည်။

လက်ရှိတွင် ယခင် NCA ရေးထိုးပြီးသား အဖွဲ့များတွင် အချို့အဖွဲ့များမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲများ ပြုလုပ်ရာတွင် တားဆီးခံရခြင်း၊ အချို့အဖွဲ့များမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုပင် ကျင်းပခွင့် မရမှုများ ရှိသည်။
အထက်ပါကဲ့သို့ NCA လက်မှတ် ရေးထိုးပြီးသားအဖွဲ့များ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း နေရာဒေသ အခြေအနေများ မတူညီသဖြင့် ၎င်းတို့အနေဖြင့် လူထုတွေ့ဆုံပွဲများ ကျင်းပရန် ခဲယဉ်းမည်မဟုတ်ကြောင်း နိုင်အောင်မငေးက ဆိုသည်။

“နေရာဒေသ အခြေအနေတွေ မတူကြလို့လေ။ ကျွန်တော်တို့က ဖြစ်နိုင်အောင်တော့ လုပ်မယ်ပေါ့နော်။ ဥပမာ ကျွန်တော်တို့ အုပ်ချုပ်မှုဒေသမှာ ဒီဖြစ်နိုင်ခြေအရှိဆုံး၊ နောက် ပြည်နယ်အစိုးရ အဖွဲ့နဲ့ရော၊ တပ်မတော် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွေနဲ့ရော ပြေလည်အောင်တော့ ညှိရမှာပေါ့။ ဒီဟာ လုပ်နိုင်အောင်တော့ လုပ်ခွင့်ရှိအောင် နိုင်ငံတော်အကြီးအကဲကို အခက်အခဲမရှိအောင် ကူညီပေးပါလို့လည်း မေတ္တာရပ်ခံထားတယ်လေ။ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ မွန်ပြည်နယ်ဘက်ခြမ်းတော့ တခြား EAO အဖွဲ့လည်း မရှိဘူးဆိုတော့၊ ကျွန်တော်တို့အဖွဲ့ပဲ သီးသန့်ရှိတယ်။ အဲဒါဆိုတော့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ မွန်တိုင်းရင်းသား အားလုံးတွေရော၊ ဒီမွန်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား အားလုံးတွေရောက ကျွန်တော်တို့ အနီးအနားမှာရှိတယ်ဆိုတော့ ပြောရတာက လုပ်လွယ်တယ်။ ဒီလို လူထုတွေ့ဆုံပွဲက ၂၀၁၃၊ ၂၀၁၄ မှာပေါ့။ အဲဒီလို ခမ်းခမ်းနားနား ကျယ်ကျယ် ပြန့်ပြန့်လုပ်ထားတဲ့ အစဉ်အလာတွေ ဆက်တိုက်၊ ဆက်တိုက် ရှိတယ်ဆိုတော့ ကျွန်တော် ထင်တယ်။ မခဲယဉ်းလောက်ဘူး ထင်တယ်” ဟု နိုင်အောင်မငေးက ပြောကြားသည်။

ထို့ပြင် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တရားဝင်ကျင်းပခွင့်အား NCA ရေးထိုးပြီးသည့်နောက် တရားဝင် တောင်းဆိုမည်ဖြစ်ပြီး ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကိုလည်း မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြီးသည့် အခါမှသာကျင်းပရန် တောင်းဆိုထားကြောင်း ၎င်းက ပြောကြားသည်။

“ NCA ထိုးပြီးတဲ့ အခါကျရင် ကျွန်တော်တို့ တရားဝင် တောင်းဆိုမှာပေါ့။ အဲဒီကျမှ တရားဝင် ခွင့်ပြုချက်ရမှာပေါ့။ ဒါကို လုပ်ဖို့ အချိန်ပေးပါ။ ဒါကိုလုပ်ပြီးရင် ကျွန်တော်တို့ ရရှိတဲ့ ကဏ္ဍကြီးဆိုင်ရာ ငါးရပ်အတွက်တော့ ဒီ UPDJC မှာ တင်ပြပေးဖို့ အချိန်လုံလုံလောက်လောက် ပေးဖို့ တင်ပြထားတယ်။ အဲဒီလို တင်ပြထားတယ်။ အကူအညီတောင်းထားတယ်။ မေတ္တာရပ်ခံထားတယ်”ဟု နိုင်အောင်မငေးက ပြောကြားသည်။

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ကောင်စီအစည်းအဝေးကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်ကျင်းပပြီး အဆိုပါ အစည်းအဝေးသို့ UNFC ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသည့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ အပါအဝင် အခြားအဖွဲ့ဝင်လေးဦး တက်ရောက်ကြောင်း သိရသည်။

အဆိုပါ UNFC ကောင်စီ အစည်းအဝေးတွင် UNFC ၏ရှေ့ဆက်သွားမည့်မူဝါဒ ရပ်တည်ချက်များကို ဆွေးနွေးမည်ဖြစ်သဖြင့် မွန်ပြည်သစ်ပါတီ အနေဖြင့် UNFC တွင် မည်သို့ ဆက်လက် ပါဝင်သွားမည်ကို ယင်းကောင်စီဆွေးနွေးပွဲပြီးမှသာ သိနိုင်မည်ဖြစ်ပြီး လက်ရှိပြောရန် စောသေးကြောင်း နိုင်အောင်မငေး က ပြောကြားသည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်တွင် ကျင်းပရန် လျာထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းထားရသည်။

NCA ရေးထိုးထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အရေးပေါ် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန်နဝါရီ ၁၁ ရက်မှ ၁၂ ရက်အထိ ပြုလုပ်ခဲ့ပြီး ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ ဆက်လက်ပြုလုပ်မည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ က ကျင်းပခွင့်ရှိသော်လည်း NCA ရေးထိုးထားသည့် အဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ကျင်းပခွင့် မရရှိသေးပေ။

ထို့ပြင် NCA ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိသဖြင့် အကြိုဆွေးနွေးပွဲများ ပြုလုပ်ချိန်၌ အခက်အခဲများ ဖြစ်ပေါ်ခဲ့သောကြောင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်ရက်အား ယာယီ ရွှေ့ဆိုင်းထားသည်။

ထို့အတူ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး မတိုင်မီ ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် ကရင်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီက ကရင်ပြည်နယ်ပြင်ပ အခြားတိုင်းဒေသကြီးများရှိ ကရင်လူထုနှင့် တွေ့ဆုံပွဲများ ပြုလုပ်ရန် ခွင့်ပြုချက် တောင်းခံရာတွင် ခွင့်ပြုချက် မပေးသဖြင့် လူထုတွေ့ဆုံပွဲများ ကျင်းပနိုင်ခြင်း မရှိပေ။

PPST ၏ အရေးပေါ် အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင်လည်း NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်အရ ပြုလုပ်ဆောင်ရွက်ရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံဆွေးနွေးပွဲများအပေါ် လျစ်လျူရှုခြင်းများ၊ ကန့်သတ် ပိတ်ပင်ခံရခြင်းများ ရှိနေသည့်အတွက် နိုင်ငံတော် တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ထိရောက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ရန် ကျန်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးဘက်များနှင့်လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း PPST ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent