ရန်ကုန်တိုင်းဒေသကြီးအတွင်း ကာရာအိုကေလုပ်ငန်း ၃၀၀ ကျော်ရှိပြီး ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်ကုန်ဆုံးပါက လုပ်ငန်းလိုင်စင်ကြေးအဖြစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေသို့ ကျပ် ၅၄ ဒသမ ၈ သန်းခန့် ပေးသွင်းနိုင်မည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကာရာအိုကေလုပ်ငန်း ၃၀၀ ကျော်ရှိပြီး ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်ကုန်ဆုံးပါက လုပ်ငန်းလိုင်စင်ကြေးအဖြစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေသို့ ကျပ် ၅၄ ဒသမ ၈ သန်းခန့် ပေးသွင်းနိုင်မည်ဟုဆို
Published 8 February 2018

ဖေဖော်ဝါရီ ၇ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကာရာအိုကေလုပ်ငန်း ၃၀၀ ကျော်ရှိပြီး ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်ကုန်ဆုံးပါက လုပ်ငန်းလိုင်စင်အဖြစ် တိုင်းဒေသကြီးရန်ပုံငွေသို့ ကျပ် ၅၄ ဒသမ ၈ သန်းခန့် ပေးသွင်းနိုင်မည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

ဖေဖော်ဝါရီ ၇ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (တတိယနေ့) တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ “ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားသော ကာရာအိုကေ လုပ်ငန်းပေါင်းမည်မျှရှိပါသနည်း၊ ကာရာအိုကေလုပ်ငန်းလိုင်စင်အား ပြန်ကြားဝန်ကြီးဌာနမှ မည်သည့်စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးပါသနည်း၊ လုပ်ငန်းလိုင်စင်ခွန်အား မည်မျှသတ်မှတ်၍ ၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်မှ ရန်ကုန်တိုင်းဒေသကြီး ကာရာအိုကေလုပ်ငန်းများအတွက် အခွန်မည်မျှရရှိခဲ့သည်” ကို သိရှိလိုပါကြောင်း ကြယ်ပြပွင့်မေးခွန်းနှင့်ပတ်သက်၍ ဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ခွင့်ပြုထားသည့် ကာရာအိုကေလုပ်ငန်းလိုင်စင် စုစုပေါင်း ၃၂၆ ခု၊ အရှေ့ပိုင်းခရိုင်အတွင်း ၁၁၆ ခု၊ အနောက်ပိုင်းခရိုင် ၁၁၂ ခု၊ တောင်ပိုင်းခရိုင်အတွင်း ၂၀ ခု၊ မြောက်ပိုင်းခရိုင်အတွင်း ၇၈ ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တပြေးညီသတ်မှတ်ထားသည့် လိုင်စင်ကြေးအဖြစ် စက်တစ်လုံးလျှင်သုံးသောင်း၊ သက်တမ်းတိုးကြေးနှစ်သောင်း ကောက်ခံလျက်ရှိကြောင်း သိရသည်။

“၂၀၁၇ ခုနှစ် ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေကို ကာရာအိုကေလုပ်ငန်းလိုင်စင် အသစ်ထုတ်ပေးခြင်းနဲ့ သက်တမ်းတိုးခြင်းများမှ ဝင်ငွေစုစုပေါင်း ကျပ် ၄၁ ဒသမ ၁ သန်းပေးသွင်းထားပြီး ဘဏ္ဍာရေးနှစ်ကုန်ဆုံးပါက ကာရာအိုကေလုပ်ငန်းများမှ ရငွေအဖြစ် ကျပ် ၅၄ ဒသမ ၈ သန်းခန့်ပေးသွင်းနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်” ဟု ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

ထို့ပြင် ရာအိုကေလုပ်ငန်းကို ဗီဒီယိုပြသခြင်းလုပ်ငန်းအဖြစ်သတ်မှတ်၍ ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေနှင့် ဗီဒီယိုလုပ်ငန်းဆိုင်ရာနည်းဥပဒေအခန်း (၃)၊ နည်းဥပဒေ ၁၁ နှင့် ၁၂ အရ ဗီဒီယိုပြသခြင်းလုပ်ငန်းလိုင်စင်တစ်ခုအဖြစ် လုပ်ဆောင်စေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ၂၀၀၀ ပြည့်နှစ် သြဂုတ် ၁၁ ရက်တွင်ကျင်းပသော ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီ အစည်းအဝေးတွင် စည်းကမ်း ၁၇ ချက်ဖြင့် အခြေခံစိစစ်၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင် လုပ်ကိုင်ခွင့်ရရှိရန် ဗွီဒီယိုကာရာအိုကေသီဆိုခြင်းလုပ်ငန်းများကို အဆိုပါစည်းကမ်းချက် ၁၇ ချက်ပေါ်မူတည်၍ ရုပ်မြင်သံကြားနှင့် ဗွီဒီယိုဥပဒေအရ တိုင်းဒေသကြီး၊ ပြည်နယ်ဗွီဒီယိုစိစစ်ကြီးကြပ်ရေးကော်မတီမှ လုပ်ငန်းလိုင်စင်ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအခန်း (၆) ပုဒ်မ ၁၉ အရလည်းကောင်း၊ ၁၉၉၈ ခုနှစ် ဗီဒီယိုလုပ်ငန်းဆိုင်ရာ နည်းဥပဒေ အခန်း (၆)၊ နည်းဥပဒေပုဒ်မ ၂၃၊ ၂၄ အရလည်းကောင်း ဗီဒီယိုလုပ်ငန်းများ စိစစ်ကြီးကြပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဗွီဒီယိုစိစစ်ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားကြောင်း၊ အဆိုပါကော်မတီမှ လျှောက်ထားလာသော ကာရာအိုကေလုပ်ငန်းဆိုင်ရာများကို အဆင့်ဆင့်စိစစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီမှစိစစ်ပြီး လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်၍ အတည်ပြုချက်ထပ်မံရယူပြီး လုပ်ငန်းလုပ်ကိုင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

Most Read

Most Recent