ရခိုင်အမျိုးသားပါတီ အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်သင့်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အများစု သဘောထားပေး

ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်သင့်ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အများစုက သဘောထားပေးထားကြောင်း ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က မေ ၁၆ ရက်တွင် ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျွန်တော်တို့ ရခိုင်ပြည်နယ်က လုပ်ခွင့်မရတော့ အဲဒါကို ၁၂ ရက် UPDJC အစည်းအဝေးမှာ ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ကျွန်တော်တို့က တာဝန်ပေးပါတယ်။ အဲဒီအစည်းအဝေးမှာ အတတ်နိုင်ဆုံး လုပ်ခွင့်ရအောင် တင်ကြပါဆိုပြီးတော့ပေါ့။ ဒါပေမဲ့ အဲဒီနေ့က UPDJC အစည်းအဝေးမှာ လုပ်ဖို့အတွက် အခွင့်အရေးမရဘူးလို့ ပြောတယ်ဗျ။ အဲဒါကို ကျွန်တော်တို့က အခု CEC အဖွဲ့ဝင်တွေကို တင်ပြပေးတယ်။ ကျွန်တော်တို့ လက်ရှိအခြေအနေကို တင်ပြခဲ့တယ်။
အခုတော့ ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီတွေရဲ့ဆန္ဒကို စုစည်းထားပြီးပါပြီ။ အများစုရဲ့ ဆန္ဒကတော့ အခုလုပ်မယ့် အစည်းအဝေးဟာလည်း အပြောင်းအလဲကြီး တစ်ခု ပြောင်းလဲသွားနိုင်မယ့် အစည်းအဝေး မဟုတ်ဘူးလို့ ပြောကြတယ်။ အဲဒီတော့ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီကလည်း ဒီငြိမ်းချမ်းရေးကို လိုလားတဲ့ ပါတီတစ်ရပ် ဖြစ်တယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့က ထောက်ခံတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အများစုကတော့ ဒီပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဖြစ်ပြီးတော့မှ ဘေးက ထိုင်မနေဘဲနဲ့ အစည်းအဝေးမှာ အပြောင်းအလဲကြီး ပြောင်းလဲနိုင်တဲ့ ပုံစံကို တက်ရောက်ပြီးတော့ စွမ်းဆောင်သင့်တယ်လို့ အများစုကတော့ အဲဒီလို ဆန္ဒပေးထားပါတယ်”ဟု ပြောကြားသည်။

လက်ရှိ ရခိုင်အမျိုးသားပါတီတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ၃၁ ဦး တာဝန်ယူလျက်ရှိပြီး အများစုမှာ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်လေ့လာသင့်ကြောင်း သဘောထားပေးထားသည်။