သစ်တောဝန်ထမ်းများအား လက်နက်များ ထုတ်ပေးကိုင်ဆောင်ခွင့်ပြုရေးကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ပြောကြား

သစ်တောဝန်ထမ်းများအား လက်နက်များ ထုတ်ပေးကိုင်ဆောင်ခွင့်ပြုရေးကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ပြောကြား
Published 11 August 2017

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဖြေကြားနေစဉ်

သစ်တောဝန်ထမ်းများအား လက်နက်များ ထုတ်ပေးကိုင်ဆောင်ခွင့်ပြုရေးကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

နေပြည်တော်တွင် သြဂုတ် ၁၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်၏ “မြန်မာနိုင်ငံ သစ်တောဝန်ထမ်းများ၏ လုံခြုံရေးအတွက် ယခင်ကကဲ့သို့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ သတ်မှတ်ကာ လက်နက်များ ပြန်လည်တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ သစ်တောသယံဇာတများကို ရေရှည် စဉ်ဆက်မပြတ် အသုံးပြုနိုင်ရန် သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ တရားမဝင် သစ်ခိုးထုတ်မှု၊ သယ်ဆောင်မှုများ တားဆီးကာကွယ်ရေးကိုလည်း ဦးစားပေး တာဝန်တစ်ရပ် အနေဖြင့် တပ်မတော် အပါအဝင် ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း ဦးအုန်းဝင်းက ပြောကြားသည်။

“အခုနက ကိုယ်စားလှယ်ကြီး တင်ပြတဲ့ အတိုင်းပါပဲ အရင်တုန်းက ကိုင်ဆောင်ခဲ့တဲ့ လက်နက်ပေါင်း ၃၇၁ လက်ကိုလည်းပဲ ၁၉၉၈ ခုနှစ်မှာ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်အရ ပြန်အပ်ခဲ့ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

ထို့ပြင် လက်ရှိအခြေအနေတွင် သစ်တောဝန်ထမ်းများကို လက်နက်တပ်ဆင်ပေးရန်နှင့် ပတ်သက်၍ ကန့်သတ်ချက် ငါးချက်ရှိကြောင်းကို တွေ့ရကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၇) ပုဒ်မ ၃၃၈ တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ပြဋ္ဌာန်းထားခြင်း၊ လက်ရှိ ရိုင်ဖယ်နှင့် စတင်းလက်နက်များ တပ်ဆင်ထားသည့် ချပ်သင်းဘေးမဲ့တောနှင့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရှိ သစ်တောဝန်ထမ်းများကို ပြည်သူ့စစ်ဌာန ဝန်ထမ်းအဖြစ် တပ်မတော်က သတ်မှတ်ကာ လက်နက်များ ထုတ်ပေးကိုင်ဆောင်ခွင့်ပြုထားပြီး လက်နက်ကိုင်ခြင်းနှင့် ပတ်သက်၍  သက်ဆိုင်ရာ နယ်မြေခံတပ်ရင်း၏ ကွပ်ကဲမှုအောက်တွင် ရှိခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်း တစ်ရပ်အဖြစ် ဆောင်ရွက်လိုပါက ဥပဒေ၊ နည်းဥပဒေအသစ် ရေးဆွဲရန် လိုအပ်မည် ဖြစ်ကြောင်းတို့ကို ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြသည်။

“သို့ဖြစ်ပါ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အနေဖြင့် သစ်တောဝန်ထမ်းများအား သေနတ်လက်နက် ပြန်လည်တပ်ဆင်ပေးရန် ကိစ္စနှင့် ပတ်သက်၍ ချပ်သင်းဘေးမဲ့တောနဲ့ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရှိ သစ်တောဝန်ထမ်းများကို ပြည်သူ့စစ်ဌာနေ ဝန်ထမ်းအဖြစ် တပ်မတော်မှ သတ်မှတ်ပေးကာ လက်နက်များ ထုတ်ပေးကိုင်ဆောင်ခွင့် ပြုထားသကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ကျွန်တော်တို့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆက်လက်ပြောကြားသည်။

လက်ရှိ ဝန်ထမ်းဖွဲ့စည်းပုံ အင်အားကို မဖြစ်မနေ တိုးချဲ့ဖွဲ့စည်းရန် လိုအပ်သည့်အတွက် လက်ရှိဖွဲ့စည်းပုံ ၁၅၄၄၉ နေရာမှ ၁၈၀၂၄ နေရာအထိ တိုးချဲ့ဖွဲ့စည်းခွင့် ရရှိရေးအတွက် အထက်ဌာန အဆင့်ဆင့်သို့ တင်ပြထားရှိပြီး ခွင့်ပြုချက် ရရှိရေး ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“ကျွန်တော်တို့ ဝန်ထမ်းနဲ့ ကာကွယ်စောင့်ရှောက်ရတာ မျှတမှု မရှိပါဘူး။ ဝန်ထမ်းတစ်ဦးကို ဧက ၈၀၀၀ ကျော် စောင့်ရှောက်ရပါတယ်။ ဒါကြောင့်မို့လို့ မလုံလောက်တဲ့ အနေအထားမှာ တရားမဝင် သစ်မှောင်ခိုမှုများရဲ့ အုပ်စုဖွဲ့ပြီးတော့ ရန်ပြုတိုက်ခိုက်မှုများ၊ တရားမဝင် သစ်ခိုးထုတ်မှု လုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့ အချို့သော အဖွဲ့အစည်းများရဲ့ ပစ်ခတ်ခြင်း၊ ပြန်ပေးဆွဲခြင်းများကိုလည်း ခံရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တရားမဝင် ကျွန်း၊ သစ်မာ အခြားစုစုပေါင်း ၄၆၁၅၃ တန် ဖမ်းဆီးရမိခဲ့ပြီး အမှုအရေအတွက်မှာ ၁၅၂၄၃ မှုဖြစ်ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တရားမဝင် ကျွန်း၊ သစ်မာ အခြား စုစုပေါင်း ၅၀၀၂၆ တန် ဖမ်းဆီးရမိခဲ့ပြီး အမှုအရေအတွက်မှာ ၁၆၃၂၀ မှုဖြစ်ပြီး သစ်တောဥပဒေ၊ နည်းဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ အများနှင့် သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေတို့ဖြင့် အရေးယူ ဆောင်ရွက်ကြောင်း သိရသည်။

မျိုးမင်းထက်၊ ငြိမ်းဇော်လင်း

Most Read

Most Recent