ဖက်ဒရယ်နိုင်ငံများဖိုရမ် မြန်မာနိုင်ငံရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပူးပေါင်းပြီး ဖက်ဒရယ် စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မုံရွာမြို့တွင် ကျင်းပ

ဖက်ဒရယ်နိုင်ငံများဖိုရမ် မြန်မာနိုင်ငံရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပူးပေါင်းပြီး ဖက်ဒရယ် စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မုံရွာမြို့တွင် ကျင်းပ
Published 3 February 2018

ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပစဉ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဖက်ဒရယ်နိုင်ငံများဖိုရမ် မြန်မာနိုင်ငံရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တို့ ပူးပေါင်းကာ ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ခန်းမဆောင်တွင် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ သုံးရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဖက်ဒရယ် တည်ဆောက်နိုင်မှသာလျှင် ပြည်တွင်းစစ်နှင့် လက်နက်ကိုင် ပဋိပက္ခများမှာ ငြိမ်းအေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်က ပြောကြားသည်။

“ကျွန်တော်တို့ပါတီက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေကရော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်ပြီးမှ ကြိုးစားဆောင်ရွက်နေတယ်လေ။ ကျွန်တော်ကတော့ ထောက်ခံသဘောတူတယ်။ အားပေးတယ်။ ကျွန်တော်တု့ိနိုင်ငံဟာ ဖက်ဒရယ်စနစ်ကို တည်ဆောက်နိုင်မှလည်း တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကလည်း ငြိမ်းအေးသွားမယ်ပေါ့နော်။ လက်နက်ကိုင်ပဋိပက္ခတွေ ငြိမ်းအေးသွားမှ ကျွန်တော်တို့နိုင်ငံ ငြိမ်းချမ်းသာယာမှသာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဇောက်ချပြီး ဦးစားပေးပြီးမှ အာရုံစိုက်ပြီး လုပ်နိုင်မှာ ဖြစ်ပါတယ်။ အခုကတော့ ငြိမ်းချမ်းမှု မရှိသေးတဲ့အတွက် ကျွန်တော်တို့ နိုင်ငံဟာ အများကြီးကို နောက်ကျနေပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကိုလည်း ပေးရမယ်။ သူတို့ဒေသတွေကို သူတို့ပဲ အုပ်ချုပ်ပိုင်ခွင့်ကို ကျွန်တော်တို့က ပေးရမယ်။ ဒါကတော့ ဖက်ဒရယ်လစ်ဇင်ပေါ့။ သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို ဒီထက်များစွာ ပေးရမယ်။ သူတို့လိုချင်တဲ့ အနေအထားတွေကို ရမယ်ဆိုရင် သူတို့ကလည်း လက်နက်ကိုင်လမ်းစဉ်ကို စွန့်ပစ်ပြီး ဖက်ဒရယ်လစ်ဇင်ကို လက်ခံပြီးမှ ငြိမ်းချမ်းသာယာတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ကျွန်တော်တို့က ဦးတည်သွားမှာပဲ ဖြစ်ပါတယ်” ဟု ဦးဘိုးသန်းညွန့်က ပြောကြားသည်။

ယခင်က ဖက်ဒရယ်ဆိုသည့် စကားအသံကြားရသည့် တစ်ပြိုင်နက်တည်း ၎င်းအနေဖြင့် ခွဲထွက်ပိုင်ခွင့် တောင်းဆိုနေသည့် အမြင်သာ မြင်မိခဲ့ကြောင်း၊ နောက်မှ ဖက်ဒရယ်လစ်ဇင်သည် ခွဲထွက်ပိုင်ခွင့်ကို တောင်းဆိုနေခြင်း မဟုတ်ကြောင်း၊ ဖက်ဒရယ်လစ်ဇင်သည် ဗဟိုချုပ်ကိုင်မှုများအား လျှော့ချပေးခြင်း၊ တိုင်းရင်းသား လူမျိုးတို့၏ အခွင့်အရေးများနှင့် လုပ်ပိုင်ခွင့်များ ပိုမိုပေးရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်က ပြောကြားသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော် အခန်းကဏ္ဍတော့ လုပ်ပိုင်ခွင့်ကို သူကပေးထားတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့လွှတ်တော်ကလည်း ပြည်ထောင်စု လွှတ်တော်ကရော တိုင်းနဲ့ ပြည်နယ်က လွှတ်တော်တွေမှာရော ဥပဒေပြဋ္ဌာန်းခွင့်တွေ အများကြီး ပေးထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား(၁)တို့ ဇယား(၂)တို့ အဲဒီမှာ ဆိုရင်လည်း ပြည်ထောင်စုအဆင့်နဲ့ တိုင်းနဲ့ပြည်နယ်တွေက အဆင့်မှာရော ဥပဒေတွေ ပြဋ္ဌာန်းလို့ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဟာလည်း ချုပ်ကိုင်ထားတယ်လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ဥပဒေပြဋ္ဌာန်းပေးဖို့တွေ အများကြီး အခွင့်အရေးတွေ ပေးထားပါတယ်။ ဒါကို ကျွန်တော်တို့က ဒီပေးထားတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီးမှ ကောင်းမွန်အောင်၊ တိုးတက်အောင် ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်သွားလို့ ရနိုင်တယ်ပေါ့နော်။ အရမ်းတင်းကျပ်လွန်းတယ်လို့ မဟုတ်ပါဘူး။ အစိုးရနှစ်ခု ဖြစ်နေတယ် ဆိုတာကတော့ ကျွန်တော်ကတော့ လက်မခံပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အရပ်သားအစိုးရလို့ ပြောလို့ရပါတယ်။ အခုအစိုးရဟာလည်း အရပ်သား အစိုးရပါပဲ။ အစိုးရဟာ အခုပြည်သူတွေက ရွေးကောက် တင်မြှောက်လိုက်တဲ့ အစိုးရပဲ” ဟု ဦးဘိုးသန်းညွန့်က ပြောကြားသည်။

လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေခြင်းသည် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း၍ မရခြင်းကြောင့် လက်နက်ကိုင်ပြီးမှ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး နောက်ပိုင်းမှ စတင်၍ နှစ်ပေါင်း ၇၀ နီးပါး စစ်တိုက်လာခဲ့ကြောင်း လက်နက်ကိုင် ပဋိပက္ခသည် အောင်လည်း အောင်မြင်မှု မရှိကြောင်း၊ ၎င်းအနေဖြင့် လက်နက်ကိုင် လမ်းစဉ်အား သဘောမတူကြောင်း နိုင်ငံရေး စကားဝိုင်းပေါ်ကနေ တစ်ဆင့် တစ်ဖက်နှင့်တစ်ဖက် တွေ့ဆုံညှိနှိုင်းပြီးမှ အဖြေရှာသင့်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်က ဆိုသည်။

ဖက်ဒရယ်နိုင်ငံများဖိုရမ် မြန်မာနိုင်ငံရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တို့ ပူးပေါင်းကာ ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအတွင်းက လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအတွင်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အများအပြား တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent