အစိုးရနှင့် ပူးတွဲဖွဲ့စည်းသော လုပ်ငန်းကော်မတီများတွင် ပါဝင်သည့် NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ ကိုယ်စားလှယ်များ ရှေ့လုပ်ငန်းစဉ်ဆွေးနွေးပွဲ ချင်းမိုင်မြို့တွင် ပြုလုပ်မည်

အစိုးရနှင့် ပူးတွဲဖွဲ့စည်းသော လုပ်ငန်းကော်မတီများတွင် ပါဝင်သည့် NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ ကိုယ်စားလှယ်များ ရှေ့လုပ်ငန်းစဉ်ဆွေးနွေးပွဲ ချင်းမိုင်မြို့တွင် ပြုလုပ်မည်
Published 31 January 2018

ချင်းမိုင်မြို့တွင် ဇန်နဝါရီ ၁၁ ရက်မှ  ၁၂ ရက်အထိ ပြုလုပ်ခဲ့သည့် PPST အရေးပေါ် အစည်းအဝေးအား တွေ့ရစဉ် (Photo – NCA-SEAO office))

အစိုးရနှင့် ပူးတွဲဖွဲ့စည်းသော လုပ်ငန်းကော်မတီများတွင် ပါဝင်သည့် NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ ကိုယ်စားလှယ်များ ရှေ့လုပ်ငန်းစဉ် ဆွေးနွေးပွဲအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီ ၂ ရက်မှ ၄ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အစိုးရနှင့် ပူးတွဲဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တွင်ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ကိုယ်စားလှယ်များအပြင် ၂၁ ရာစု ပင်လုံအစည်းအဝေးအတွက် UPDJC မှဖွဲ့စည်းထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များလည်း ပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်မိဆူးပွင့်က ပြောကြားသည်။

“ဒီကဏ္ဍတွေမှာ တာဝန်ယူထားတဲ့သူတွေ တွေ့ပြီးတော့ ရှေ့လုပ်ငန်းစဉ် တိုင်ပင်ကြ ဆွေးနွေးကြပြီးတော့ မဟာဗျူဟာ အစည်းအဝေးပေါ့” ဟု ရဲဘော်မိဆူးပွင့်က ဆိုသည်။

၂၁ ရာစု ပင်လုံတတိယ အစည်းအဝေးအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်တွင် ကျင်းပရန် လျာထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းထားရသည်။

NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အရေးပေါ် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန်နဝါရီ ၁၁ ရက်မှ ၁၂ ရက်အထိ ပြုလုပ်ခဲ့ပြီး ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်ထည်ဖော် ဆောင်ရွက်ပြီးမှသာ ဆက်လက်ပြုလုပ်မည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

“PPST ဆုံးဖြတ်ချက်ကလည်း အားလုံးသေချာ သိထားဖို့ လိုတဲ့အပေါ်မှာလည်း ပါတာပေါ့။ PPST အစည်းအဝေးကတော့ ပြီးသွားပြီလေ။ ပြီးသွားတော့ အခုဘာတွေဘယ်လို ဆက်သွားဖို့ရှိလဲ။ စဉ်းစားချက်တွေ ဘယ်လိုရှိလဲဆိုတာ အားလုံးနဲ့အတူတူပြန်ပြီး ဆွေးနွေးရှင်းပြပေါ့။ အဲဒီသဘောပါပဲ” ဟု ရဲဘော်မိဆူးပွင့်က ပြောကြားသည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ကျင်းပခွင့်ရှိသော်လည်း NCA ရေးထိုးထားသည့်အဖွဲ့ဖြစ်သည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ကျင်းပခွင့် မရရှိသေးပေ။

ထို့ပြင် NCA ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) က လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ရရှိသဖြင့် အကြိုဆွေးနွေးပွဲများ ပြုလုပ်ချိန်၌ အခက်အခဲများ ဖြစ်ပေါ်ခဲ့သောကြောင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်ရက်အား ယာယီရွှေ့ဆိုင်းထားသည်။

ထို့အတူ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး မတိုင်မီ ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီက ကရင်ပြည်နယ်ပြင်ပ အခြားတိုင်းဒေသကြီးများရှိ ကရင်လူထုနှင့် တွေ့ဆုံပွဲများ ပြုလုပ်ရန် ခွင့်ပြုချက်တောင်းခံရာတွင် ခွင့်ပြုချက် မပေးသဖြင့် လူထုတွေ့ဆုံပွဲများ ကျင်းပနိုင်ခြင်း မရှိပေ။

PPST ၏အရေးပေါ် အစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင်လည်း NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်အရ ပြုလုပ်ဆောင်ရွက်ရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံ ဆွေးနွေးပွဲများအပေါ် လျစ်လျူရှုခြင်းများ၊ ကန့်သတ်ပိတ်ပင်ခံရခြင်းများ ရှိနေသည့်အတွက် နိုင်ငံတော် တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း အဖြေရှာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ထိရောက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ရန်ကျန်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးဘက်များနှင့်လည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း PPST ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိအခြေအနေတွင် NCA ကိုအကောင်အထည်ဖော်ရာ၌ အခက်အခဲများ ရှိနေခြင်းကြောင့် NCA စာချုပ် ချုပ်ဆိုရခြင်း၏ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် အခြေခံ နားလည်မှုများ ကွဲလွဲချက်များအပေါ် ဆက်လက်ဆွေးနွေး ညှိနှိုင်းသွားမည် ဖြစ်ကြောင်းလည်း PPST ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Most Read

Most Recent