နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အပြာရောင်အင်္ကျီဝတ် လှုပ်ရှားမှု ပြုလုပ်မည်

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အပြာရောင်အင်္ကျီဝတ် လှုပ်ရှားမှု ပြုလုပ်မည်ဖြစ်ပြီး ပါဝင်ကူညီပေးကြရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နှိုးဆော်တိုက်တွန်းစာ တစ်စောင်ကို ဧပြီ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။

ဧပြီ ၂၁ ရက်တွင် ကျရောက်သော နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အောက်မေ့ဖွယ်အဖြစ် ဂုဏ်ပြုခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထိုနေ့တွင် အပြာရောင်အင်္ကျီ ၀တ်ဆင်ခြင်းဖြင့် ကူညီပေးကြရန် AAPP က တိုက်တွန်းထားသည်။

“ယနေ့ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်းခံနေရသူပေါင်း ၁၇၈ ယောက်ခန့် ရှိနေပါတယ်။ အဲဒီထဲက အချို့ကတော့ သူတို့ရဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုရင်း အဖမ်းခံနေရတာပါ။ အချို့တော့ အစိုးရနဲ့ တပ်မတော် ခေါင်းဆောင်ပိုင်းတွေကို ဝေဖန်တဲ့အတွက်ပါ။ အချို့ကတော့ တိုင်းရင်းသားတွေပါ။ နိုင်ငံတော်တော်များများက ခေါင်းဆောင်တွေနဲ့ လူအများက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လွတ်သွားပြီ မရှိတော့ဘူးလို့ ထင်နေကြပါတယ်။ ဒါကြောင့်မို့လို့လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစိုးရကို အခြားနိုင်ငံများက ဖိအားပေးမှုတွေလည်း မရှိတော့သလောက်ပါပဲ” ဟု AAPP ၏ ထုတ်ပြန်စာတွင် ထည့်သွင်း ဖော်ပြထားသည်။

ဆက်လက်၍ နိုင်ငံရေးအကျဉ်းသားများကို မေ့လျော့နေခြင်း၊ နိုင်ငံရေး အကျဉ်းသားများ ရှိနေသေးခြင်းများ မဖြစ်သင့်ကြောင်း၊ ထိုသို့သော နိုင်ငံရေး အကျဉ်းသား မရှိသည်ဟု ထင်မြင်မှုများအား ပြောင်းလဲနိုင်ဖို့ရန်နှင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ရှိနေသေးသည် ဆိုသည်ကို ပြသနိုင်ရန် သူငယ်ချင်းမိတ်ဆွေများ၏ အကူအညီ လိုအပ်ပါကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

“ဦးဝင်းတင်ဆိုတာ တကယ်ကို လူသိများပြီး လူလေးစားခံရတဲ့ ကြီးမြတ်တဲ့ ဂုဏ်ပြုထိုက်သူ တစ်ယောက်ပါ။ သူက စစ်အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းချခံခဲ့ရသူပါ။ သူဟာ လွတ်မြောက်လာပြီးကတည်းက နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မချင်း အကျဉ်းထောင်ဝတ်စုံဖြစ်တဲ့ အပြာရောင်ဝတ်စုံကို တောက်လျှောက် ၀တ်ဆင်သွားခဲ့သူပါ။ လာမယ့် ဧပြီ ၂၁ ရက် ၂၀၁၇ ဆိုရင် သူသေဆုံးခဲ့တာ သုံးနှစ်ရှိပါပြီ။ ဒါကြောင့် သူသေဆုံးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာ အပြာရောင်အင်္ကျီ ၀တ်ဆင်ပြီး ကျွန်တော်တို့နဲ့ အတူတူ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး တောင်းဆိုကြရအောင်ပါ” ဟု AAPP ၏ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

AAPP ၏ ၂၀၁၇ မတ်လအတွက် နိုင်ငံရေး အကျဉ်းသားပြ လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်း၌ နိုင်ငံရေးအကျဉ်းသားများအဖြစ် စုစုပေါင်း ၉၃ ဦး အကျဉ်းကျခံနေရပြီး တက်ကြွလှုပ်ရှားသူ ၈၅ ဦးသည် အကျဉ်းထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရကာ ၁၂၁ ဦးသည် အကျဉ်းထောင်ပြင်ပမှနေ၍ တရားရင်ဆိုင်နေရကြောင်း သိရသည်။

Writer: 
ဇာလီမြင့်ဦး