နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံ့ခေါင်းဆောင် ၂၈ ဦး တရုတ်နိုင်ငံ One Belt, One Road ထိပ်သီးအစည်းအဝေး တက်ရောက်မည်

တရုတ်နိုင်ငံတွင် ကျင်းပမည့် One Belt, One Road ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံ့ခေါင်းဆောင် ၂၈ ဦး တက်ရောက်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက အတည်ပြုပြောကြားခဲ့ကြောင်း South China Morning Post သတင်းဌာနက ဧပြီ ၁၈ ရက်က ဖော်ပြခဲ့သည်။

South China Morning Post သတင်းတွင် ဖော်ပြမှုအရ အဆိုပါ One Belt, One Road ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် မေ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားကို တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

တက်ရောက်မည့် နိုင်ငံ့ခေါင်းဆောင် ၂၈ ဦးတွင် ရုရှားသမ္မတ ပူတင်၊ ဖိလစ်ပိုင်သမ္မတ ဒူတာတေး၊ တူရကီသမ္မတ အာဒိုဂန်၊ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်၊ အင်ဒိုနီးရှားသမ္မတ ၀ီဒိုဒို၊ ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကွင်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။

ထို့ပြင် ဟန်ဂေရီ၊ အီတလီ၊ ချက်၊ ဆွစ်ဇာလန်၊ စပိန်၊ ကင်ညာနှင့် အီသီယိုးပီးယားနိုင်ငံများမှ ခေါင်းဆောင်များလည်း တက်ရောက်မည်ဟု South China Morning Post သတင်းတွင် ဖော်ပြသည်။

“ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေကို စုဆောင်းဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်နိုင်တဲ့ စင်မြင့်တစ်ခုကို ဒီနေ့ ကမ္ဘာမှာ လိုအပ်ပါတယ်။ One Belt, One Road ရဲ့ ပဏာမခြေလှမ်းဟာ အဲဒီနောက်ခံကို ဆန့်ကျင်မွေးဖွားလာတာ ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ One Belt, One Road ထိပ်သီးအစည်းအဝေးသည် ခေတ်သစ်ပိုးလမ်းမ စီးပွားရေးရပ်ဝန်းဟု အမည်ကျော်ကြားပြီး တရုတ်နိုင်ငံအတွက် အာရှ၊ ဥရောပတို့ကို ချိတ်ဆက်မည့် အရေးပါသော စီးပွားရေး စီမံကိန်းတစ်ရပ် ဖြစ်သည်။

သို့ရာတွင် ယခုအစည်းအဝေးသို့ အဓိက စက်မှုအင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ဂျာမနီနှင့် ကနေဒါနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခြင်း မရှိဘဲ ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ထရီဇာမေကိုယ်စား ဘဏ္ဍာရေးဝန်ကြီး Phillip Hammond တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ယခုအစည်းအဝေးသို့ ပြင်သစ်နှင့် ဂျာမနီနိုင်ငံများမှ ခေါင်းဆောင်များက တက်ရောက်ရန် စိတ်အားထက်သန်မှုကို ပြသခဲ့သော်လည်း အစည်းအဝေးကျင်းပမည့် နေ့ရက်များမှာ ၎င်းတို့နိုင်ငံများတွင် ရွေးကောက်ပွဲ ကျင်းပမည့် အချိန်နှင့် တိုက်ဆိုင်နေခြင်းကြောင့် မတက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်ဟု South China Morning Post သတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း၌ တရုတ်နိုင်ငံသို့ One Belt, One Road ထိပ်သီးအစည်းအဝေး တက်ရောက်ရန် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် သြဂုတ် ၁၇ ရက်ကလည်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ငါးရက်ကြာ သွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်း၊ တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်း၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာ ကျန်းတယ်ကျန်းတို့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Writer: 
ငြိမ်းကို