နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လ်ဂျီယံ၊ အီတလီ၊ ပြင်သစ်၊ ဗြိတိန်သို့ ဧပြီလကုန်တွင် သွားရောက်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေတို့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ဒေါင်းနင်းလမ်း ၀န်ကြီးချုပ်နေအိမ်၌ တွေ့ဆုံစဉ် (Photo: AFP)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ လေးနိုင်ငံသို့ ဧပြီလကုန်တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၏ ပြောကြားမှုအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဘယ်လ်ဂျီယံ၊ အီတလီ၊ ပြင်သစ်နှင့် ဗြိတိန်သို့ ဧပြီလကုန်တွင် သွားရောက်မည်ဖြစ်ပြီး အဆိုပါခရီးစဉ်မှ ပြန်ရောက်ပါက မေလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ဟုတ်ပါတယ်။ ဧပြီလကုန်မှာ ဘယ်လ်ဂျီယံ၊ အီတလီ၊ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံတွေကို သွားမှာပါ။ အဲဒီခရီးစဉ်က ပြန်ရောက်ရင် မေလထဲမှာ တရုတ်ကို One Belt, One Road ထိပ်သီး အစည်းအဝေးတက်ဖို့ သွားမှာပါ။ အသေးစိတ်ကိုတော့ နီးမှ သတင်းထုတ်ပြန်ပေးပါ့မယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် ခရီးစဉ်၏ အသွားခရီးတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ သုံးရက်ကြာနေထိုင်ခဲ့ပြီး ဥရောပဒေသ၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကဒေသ အခြေစိုက် မြန်မာသံအမတ်ကြီး ၁၂ ဦးနှင့် တွေ့ဆုံခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် လန်ဒန်မြို့တွင် နေထိုင်စဉ်အတွင်း ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ထရီဇာမေ၊ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Rt.Hon. Mr. Boris Johnson၊ ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Rt.Hon. John Bercow တို့နှင့် သီးခြားစီတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေတို့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် လန်ဒန်မြို့ အမှတ် (၁၀) ဒေါင်းနင်းလမ်းရှိ ၀န်ကြီးချုပ်၏နေအိမ်၌ တွေ့ဆုံရာတွင် ဗြိတိန်ဝန်ကြီးချုပ်က ဗြိတိန်နိုင်ငံ အစိုးရသစ်၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒသည် အပြောင်းအလဲ မရှိဘဲ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် လာမည့် နိုဝင်ဘာလအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ တစ်ရပ်ကို လန်ဒန်မြို့၌ ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အောင်မြင်မှု ရရှိစေရန် ဆုတောင်းပါကြောင်း ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဗြိတိန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် လိုအပ်သည့် အကူအညီများ ပေးအပ်စေလိုကြောင်း၊ ဗြိတိန်အစိုးရသစ်၏ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများ အောင်မြင်မှု ရရှိစေရန် ဆုတောင်းပါကြောင်း ပြောကြားပြီး ဗြိတိန်ဝန်ကြီးချုပ်ကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။

Writer: 
ငြိမ်းကို