(၆၉) နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံ၏ အမျိုးသားနေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

(၆၉) နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံ၏ အမျိုးသားနေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
Published 27 January 2018

ဇန်နဝါရီ ၂၆ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပြုလုပ်သော (၆၉) နှစ်မြောက် အိန္ဒိယနိုင်ငံ၏ အမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (Photo : AFP)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဇန်နဝါရီ ၂၆ ရက်က ကျင်းပသည့် (၆၉) နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံ၏ အမျိုးသားနေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံသို့ ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းတွင် ရောက်ရှိကာ ဒေသစံတော်ချိန် ည ၇ နာရီခွဲတွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မစ္စတာနရင်ဒရာမိုဒီနှင့်  နယူးဒေလီမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ (Hyderabad House) ၌တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံမှု၌ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မပြီးပြတ်သေးသော နယ်နိမိတ် တိုင်းတာသတ်မှတ်ရေး ကိစ္စရပ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုများအား နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား နယ်စပ်ဂိတ်များ ဖွင့်လှစ်၍ နှစ်ဖက်ဒေသ ပြည်သူများ အပြန်အလှန် ကူးသန်းသွားလာနိုင်ရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံမှ အကူအညီပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ မစ္စတာရမ်နက်သ်ကိုဗင့်ဒ်က ဇန်နဝါရီ ၂၅ ရက်၌ နယူးဒေလီမြို့ရှိ သမ္မတအိမ်တော် (Rashtrapati Bhavan) ၌  အာဆီယံအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများနှင့်အတူ နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်၌ ကျင်းပသည့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ အကြီးအကဲများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ယင်းအစည်းအဝေးတွင် ‘ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် လုံခြုံရေး ဘာသာရပ်’ ခေါင်းစဉ်နှင့် စပ်လျဉ်း၍ အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ- အိန္ဒိယ ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ သဘောထားအမြင်နှင့် မြန်မာနိုင်ငံတွင် ရေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် နယူးဒေလီမြို့ရှိ Hotel Taj Palace Shahjehen Hall ၌ကျင်းပသည့် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက် ဆက်ဆံရေး (၂၅)နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများက မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြပြီး “India-Asean Shared Values, Common Destiny” ခေါင်းစဉ်ဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များ၊ အနာဂတ် အာဆီယံ-အိန္ဒိယ ဆက်ဆံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့အတူ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ဝန်ကြီးချုပ် မစ္စတာငုယင်တန်ဇွန်းနှင့် နယူးဒေလီမြို့ရှိ သမ္မတအိမ်တော်တွင် ဇန်နဝါရီ ၂၅ ရက်က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့သည်။

Most Read

Most Recent