နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဖိလစ်ပိုင်သမ္မတအား သီးခြားစီ လက်ခံတွေ့ဆုံ

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဖိလစ်ပိုင်သမ္မတ ဒူတာတေး နှင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်တို့ နေပြည်တော်၌ တွေ့ဆုံကြစဉ် (ဓါတ်ပုံ - စိုးမင်းထိုက်)

နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးအား မတ် ၂၀ ရက်တွင် နေပြည်တော်၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံသို့ နှစ်ရက်ကြာချစ်ကြည်ရေး ခရီး ရောက်ရှိနေသော ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် မတ် ၂၀ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဦးစွာတွေ့ဆုံခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်လက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ညနေပိုင်းတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖိလစ်ပိုင်သမ္မတတို့ တွေ့ဆုံစဉ် ဖိလစ်ပိုင်သမ္မတက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ရခိုင်ပြည်နယ်အတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ သုံးသိန်း လှူဒါန်းခဲ့ကြောင်း အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

 

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ဖိလစ်ပိုင်သမ္မတ ဒူတာတေး နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့  နေပြည်တော်၌ တွေ့ဆုံကြစဉ် (ဓါတ်ပုံ - စိုးမင်းထိုက်)

ထို့ပြင် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန်၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးကဏ္ဍ၊ ဒေသနှင့် ကိုက်ညီသည့် စပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအပါအ၀င် စိုက်ပျိုးရေး ကဏ္ဍ၊ အသက်မွေးပညာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နည်းပညာအကူအညီပေးရေး၊ ရခိုင်ပြည်နယ်အရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ အိမ်တော်ဝင်းအတွင်း၌ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဖိလစ်ပိုင်သမ္မတတို့ တွေ့ဆုံပွဲသို့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် အခြားဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မတ် ၂၀ ရက်က နေပြည်တော်ရှိ Horizon Lake View Hotel ၊ State Meeting Room -1 ၊ Villa - 1 တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဖိလစ်ပိုင်သမ္မတတို့ တွေ့ဆုံစဉ် (Photo: Senior General Min Aung Hlaing Facebook)

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် နေပြည်တော်ရှိ Horizon Lake View Hotel ၊ State Meeting Room -1 ၊ Villa - 1 တွင် တွေ့ဆုံခဲ့ကြောင်း Senior General Min Aung Hlaing Facebook အရ သိရသည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် မတ် ၁၉ ရက် ညနေ ၆ နာရီတွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

သမ္မတဒူတာတေးသည် မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် လာရောက်ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ် ဇွန် ၃၀ ရက်တွင် ဖိလစ်ပိုင် နိုင်ငံ၏ ၁၆ ဦးမြောက် သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတဒူတာတေးသည် စက်တင်ဘာလအတွင်းက လာအိုနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ပထမဆုံး ပြည်ပခရီးစဉ် သွားရောက်ခဲ့ပြီးဖြစ်သည်။

သမ္မတဒူတာတေးသည် ပုပ်ရဟန်းမင်းကြီး၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နှင့် ထိုစဉ်က အမေရိကန်သမ္မတ အိုဘားမားတို့ကိုလည်း ကြမ်းတမ်းသည့်စကား ပြောကြားခဲ့မှုများကြောင့် ထင်ရှားခဲ့သည်။

သမ္မတဒူတာတေးသည် ၎င်း၏ သမ္မတသက်တမ်းအတွင်း အာဆီယံနိုင်ငံများနှင့် ဂျပန်၊ တရုတ်၊ ပီရူးတို့ကို အလည်အပတ် ခရီးစဉ်များ သွားရောက်ထားသည်။

Writer: 
စိုးမင်းထိုက်