NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်အချို့နှင့် UNFC ၏ DPN အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်အချို့နှင့် NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့တို့သည် မတ် ၁၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံ၍ နှစ်ဖက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက “ကျွန်တော်တို့ အခုလောလောဆယ် Update ပါ။ လက်ရှိ UNFC ရဲ့ အနေအထား၊နောက်ပြီး တော့ ကျွန်တော်တို့ အခုဆောင်ရွက်နေတဲ့ အမျိုးသားအဆင့်န နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းကော်မတီ အစည်းအဝေးကိစ္စတွေ  Information Sharing ပါပဲ။ ကျွန်တော်တို့ ဒီ CT ရဲ့ သုံး၊ လေးယောက်ပါပဲ။ ကျွန်တော်တို့အားတဲ့ ပုဂ္ဂိုလ်တွေပဲ လာတာ။ ဆွေးနွေးပွဲရယ်လို့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့က နောက်ဆုံးအခြေအနေ သိချင်လို့ပါ” ဟု ဆိုသည်။

၂၀၁၇ ခုနှစ်အတွင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်  လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ရလဒ်များအား အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် အစိုးရအစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့တို့နှင့် ကဏ္ဍအလိုက် သုံးသပ်မှုများကို ပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို ပြီးစီးထားပြီး ဖြစ်သည်။

NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများအနေဖြင့်လည်း ဖေဖော်ဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ “၀” သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဌာနချုပ် ပန်းခမ်းမြို့တွင် ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တတိယအကြိမ် ပန်းခမ်း (ပန်ဆန်း) ထိပ်သီးအစည်းအဝေးတွင် တက်ရောက်ခြင်း၊ စာတမ်းတင်သွင်းခြင်း ပြုလုပ်ထားပြီး တစ်ဖက်တွင်လည်း UNFC ၏ DPN အဖွဲ့သည် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် မတ် ၃ ရက်က စတုတ္ထအကြိမ် တွေ့ဆုံရာ UNFC ၏ အဆိုပြုချက် ကိုးချက်အပေါ် ဆွေးနွေးရာ၌ နှစ်ဖက်လက်ခံနိုင်သည့် အချက် (၉) ချက်အား မူအားဖြင့် သဘောတူခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ချင်းအမျိုးသားတပ်ဦး (CNF) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ  (KNU/KNLA-PC) ၊ DKBA အဖွဲ့နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြစ်သည်။

NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊မွန်ပြည်သစ်ပါတီ (NMSP) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့-ကိုးကန့် (MNDAA) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ “၀” အမျိုးသားအဖွဲ့ချုပ် (WNO) ၊ ရခိုင်အမျိုးသားကောင်စီ (ANC) ၊ “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ၊ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ - မိုင်းလား (NDAA) နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) စသည်တို့ဖြစ်သည်။