အစိုးရကို တစ်နိုင်ငံလုံးမှ သန်းပေါင်း ၅၀ ကျော်သော ပြည်သူထဲမှ ၁၂ သန်းက မဲပေးခဲ့သည် ဆိုပါက အဆိုပါ ၁၂ သန်းနှင့် ထိုက်တန်သော အစိုးရဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား

အစိုးရကို တစ်နိုင်ငံလုံးမှ သန်းပေါင်း ၅၀ ကျော်သော ပြည်သူထဲမှ ၁၂ သန်းက မဲပေးခဲ့သည် ဆိုပါက အဆိုပါ ၁၂ သန်းနှင့် ထိုက်တန်သော အစိုးရဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား
Published 17 January 2018

အစိုးရကို တစ်နိုင်ငံလုံးမှ သန်းပေါင်း ၅၀ ကျော်သော ပြည်သူထဲက ၁၂ သန်းက မဲပေးခဲ့သည် ဆိုပါက အဆိုပါ ၁၂ သန်းနှင့် ထိုက်တန်သော အစိုးရဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲက မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးဝင်းအတွင်း ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီ တွေ့ဆုံပွဲ၌ ၎င်းက ထိုသို့ပြောကြားခဲ့သည်။

“ဒီကနေ့အစိုးရကို တစ်နိုင်ငံလုံးက သန်းပေါင်း ၅၀ ကျော်သော ပြည်သူထဲက ၁၂ သန်းက မဲပေးခဲ့တယ်ဆိုရင် အဲဒီ ၁၂ သန်းနဲ့ထိုက်တန်သော အစိုးရပဲဖြစ်တယ်။ အလိုလိုနေရင်း ကျန်တဲ့ သန်း ၄၀ လောက်နဲ့ ထိုက်တန်သွားတာ မဟုတ်ဘူး။ ကိုယ်နဲ့ထိုက်တန်တဲ့ အစိုးရ၊ လူအများစုနဲ့ ထိုက်တန်တဲ့ အစိုးရ ရအောင် နောက်တစ်ကြိမ် ရွေးကောက်ပွဲကျရင် ခင်ဗျားတို့ ပြန်ရွေးဖို့ ဒါပဲ” ဟု ဦးသန်းဌေးက ပြောကြားသည်။

“ကျွန်တော်တို့ပြောတာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့။ စည်းကမ်းကို ရှေ့ကထည့်ထားတယ်။ ဒါပေမဲ့ လူတွေက ကိုယ်ကသာ ဒီမိုကရေစီကို လုံးစေ့ပတ်စေ့ နားမလည်တာ။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ စစ်အစိုးရရဲ့ လက်သုံးစကားကြီးပဲ။ စစ်တပ်က ဒီမိုကရေစီကို အပြည့်မပေးချင်လို့ အဲဒီဟာရှေ့က ထည့်ထားတာ စသည်ဖြင့် ပြောပြန်ရော။ ကဲစည်းကမ်းရှိတာနဲ့ မရှိတာ ဘယ်ဟာပိုကောင်းလဲ။ ဒီမိုကရေစီကို နားမလည်ဘူးထား။ စည်းလေးကမ်းလေးနဲ့လုပ်တဲ့ ဒီမိုကရေစီက ပိုမကောင်းဘူးလား။ အဲဒီဒီမိုကရေစီကို စပြီးတော့ လမ်းခင်းပေးတာ ကျွန်တော်တို့ပါဗျာ။ ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကို တကယ့်ကို အဆင့်မြင့်မြင့်နဲ့ ထားချင်လို့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ထားချင်လို့ အဲဒီလို ဒီမိုကရေစီစံနှုန်းတွေနဲ့ ချပေးခဲ့တာ” ဟု ဦးသန်းဌေးက ဆက်လက်ပြောကြားသည်။

ထို့ပြင် ယနေ့ မိမိတို့ကို သိက္ခာကျစေချင်သည့်အတွက် ပြည်ခိုင်ဖြိုး ဆိုသည်နှင့် အတိတ်တုန်းက စစ်သားဖြစ်ခဲ့ကြောင်း၊ စစ်ဗိုလ်ဖြစ်ခဲ့ကြောင်း၊ တပ်မတော်အောက်ကို ပြန်ရောက်သွားမှာဖြစ်ကြောင်း၊ ပြီးခဲ့သည့် အစိုးရတွင် တာဝန်ယူခဲ့သည် ဆိုလျှင်လည်း ပြည်သူ့ဘဏ္ဍာကို ခိုးခဲ့ကြောင်းဖြင့် ပုံမှန်တောက်လျှောက် စွပ်စွဲကြကြောင်း၊ ယင်းအတွက် တုန်လှုပ်စရာ ဘာမှမရှိကြောင်း၊ လူတစ်ယောက်ချင်း၏ အကျင့်ပျက်ယွင်းမှု ပေါ်လွင်ပါက တရားခွင်ရှိကြောင်း၊ ကျန်တာတွေက ပုဂ္ဂိုလ်ရေး တိုက်ခိုက်ချင်၍ စွပ်စွဲသည့်ကိစ္စများ ဖြစ်သည့်အတွက် မိမိတို့ ဂရုမစိုက်ကြောင်းနှင့် မိမိတို့ပါတီ တစ်ခု၏ ရည်ရွယ်ချက်က အနီးဆုံးရွေးကောက်ပွဲ၌ နိုင်အောင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ အာဏာရရှိရန် မဟုတ်ကြောင်း၊ အာဏာကို မလုပ်ဖူး၍ မဟုတ်ကြောင်းနှင့် နှစ်ပေါင်းများစွာ လုပ်ခဲ့ဖူးကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက တွေ့ဆုံပွဲတွင် ပြောကြားသည်။

Most Read

Most Recent