ပြည်တွင်းပြည်ပ ကုမ္ပဏီအချို့ ပူးပေါင်းပြီး သက်သာသောအတိုးနှုန်း၊ အတိုးမဲ့အပေါင်ပစ္စည်းမပါ နှစ် ၂၀ ချေးငွေပေးမည်ဆိုကာ လျှောက်လွှာကြေး ဒေါ်လာ ၂၀၀၀၀ ကျော်ရယူခြင်းမှာ လိမ်လည်မှုများဖြစ်ဟု ဗဟိုဘဏ်ညွှန်ချုပ် သတိပေး

ပြည်တွင်းပြည်ပ ကုမ္ပဏီအချို့ ပူးပေါင်းပြီး သက်သာသောအတိုးနှုန်း၊ အတိုးမဲ့အပေါင်ပစ္စည်းမပါ နှစ် ၂၀ ချေးငွေပေးမည်ဆိုကာ လျှောက်လွှာကြေး ဒေါ်လာ ၂၀၀၀၀ ကျော်ရယူခြင်းမှာ လိမ်လည်မှုများဖြစ်ဟု ဗဟိုဘဏ်ညွှန်ချုပ် သတိပေး
Published 10 August 2017

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရုံးခွဲ) ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

ပြည်တွင်း၊ ပြည်ပကုမ္ပဏီအချို့ ပူးပေါင်းပြီး သက်သာသောအတိုးနှုန်း၊ အတိုးမဲ့ အပေါင်ပစ္စည်းမပါ နှစ် ၂၀ ချေးငွေပေးမည်ဆိုကာ လျှောက်လွှာကြေး ဒေါ်လာ ၂၀၀၀၀ ကျော်ရယူခြင်းမှာ လိမ်လည်မှုများ ဖြစ်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံး ငွေစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က သတိပေးပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပြည်တွင်းလုပ်ငန်းရှင်များက ရင်းနှီးမတည်ငွေရင်းအတွက်၊ လုပ်ငန်းတိုးချဲ့ရန်အတွက် ပြည်ပချေးငွေ နိုင်ငံခြားဘဏ်များက ချေးယူလိုကြောင်း တင်ပြမှုများပြားလာပြီး ဗဟိုဘဏ်က သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပါက ခွင့်ပြုပေးနေကြောင်း သိရသည်။

“ဥပဒေအရ ချေးပေးမယ့်သူရှိရင် ချေးယူခွင့်ကို ဗဟိုဘဏ်ကို တင်ပြပြီး ခွင့်ပြုချက် ရယူရပါမယ်။ ပြည်ပက ချေးမယ့်သူ၊ အဖွဲ့အစည်းက ငွေကြေးခဝါချသူမဖြစ်အောင်သူ့ Profile ကို စိစစ်ပါတယ်။ လုပ်ငန်းရှင်ကိုလည်း ဗဟိုဘဏ်အနေနဲ့ သတ်မှတ်ထားတဲ့ အချက်တွေ ကိုက်ညီမှုရှိ မရှိ၊ နိုင်ငံ၊ အဖွဲ့အစည်း၊ ကုမ္ပဏီအတွက် အကျိုးဖြစ်ထွန်း နိုင်မှု ရှိ မရှိ စိစစ်ပါတယ်။ အတိုးနှုန်းသက်သာမှု ရှိ မရှိ (ခြောက်ရာခိုင်နှုန်းထက် မကျော်သင့်)၊ နှစ်ရှည်ချေးငွေဖြစ် မဖြစ် (သုံးနှစ်အနည်းဆုံး)၊ လုပ်ငန်းက နိုင်ငံခြားငွေဝင်နိုင်သော လုပ်ငန်း ဖြစ် မဖြစ် (ဖြစ်ရင်ဦးစားပေး)၊ လုပ်ငန်းရဲ့ အတိုးနှုန်းအမြတ်အစွန်းရှိနိုင်မှုက အတိုးနှုန်းကို Cover ဖြစ် မဖြစ် စိစစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့အတူ စာရင်းစစ်အစီရင်ခံစာ စနစ်တကျရှိ မရှိ၊ နိုင်ငံတော်အခွန်ထမ်းဆောင်မှု ရှိ မရှိ၊ နှစ်ချုပ်စာရင်းစနစ်တကျ ရေးဆွဲထား မထား စသည်တို့ကိုလည်း စစ်ဆေးသည်။ ယင်းအချက်များပြည့်စုံလျှင် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် (MIC) ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် တင်ပြအတည်ပြုထားသည့် မတည်ရင်းနှီးငွေ၏သုံးဆ သို့မဟုတ် လေးဆအထိ ချေးယူခွင့်ပြုထားခြင်း ဖြစ်သည်။

ကုမ္ပဏီတစ်ခုအနေဖြင့် မှန်ကန်သော စာရင်းဇယားရှိပြီး နိုင်ငံတော်အခွန်ပေးဆောင်ကာ မတည်ရင်းနှီးငွေကို မှန်မှန်ကန်ကန် တိုးမြှင့်ထားမည်ဆိုပါက ပြည်ပချေးငွေ ရယူရန် မခက်ခဲကြောင်း၊ ဗဟိုဘဏ်စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှသာ ပြည်ပချေးငွေ ရယူနိုင်မည်ဖြစ်ခြင်းကြောင့် မေးမြန်းစုံစမ်းရန်လိုအပ်ပြီး ဗဟိုဘဏ်အနေဖြင့် ကြားလူဝင်ပါရန် မလိုအောင်သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးအဆင်ပြေအောင် ကူညီဆောင်ရွက်ပေးနေကြောင်း ဦးဝင်းသော်က ပြောကြားသည်။

“တချို့နိုင်ငံခြားကုမ္ပဏီတွေက ပြည် တွင်းကုမ္ပဏီတွေနဲ့ ပေါင်းပြီးတော့ သက်သာတဲ့အတိုးနှုန်း၊ အတိုးမဲ့ချေးမယ်၊ နှစ် ၂၀ အပေါင်ပစ္စည်းမပါ ချေးပေးမယ်ပြောပြီး လျှောက်လွှာကြေး ဒေါ်လာ ၂၀၀၀၀ ကျော်ယူတာ လိမ်တာပါပဲ။ ဘယ်သူမှ တခြားနိုင်ငံကလာပြီး အတိုးမဲ့၊ အပေါင်ပစ္စည်းမလို ဒေါ်လာသန်း ၂၀ ကို အနှစ် ၂၀ ထိချေးပေးမယ်ဆိုတာ ဖြစ်နိုင်မလား။ နောက်တစ်ခုကတော့ သူတို့ဘာပြောပြော ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက် သိမထားရင်၊ မကိုက်ညီရင်၊ ဗဟိုဘဏ်က ခွင့်မပြုရင် အဲဒီချေးငွေ ပြည်တွင်းကို လွှဲလို့မရပါဘူး။ အစိုးရချေးငွေတောင် ဗဟိုဘဏ်နဲ့ဆွေးနွေးပြီးမှ ဘဏ္ဍာရေးက လက်ခံရယူဆောင်ရွက်ပါတယ်။ တည်ဆဲဥပဒေအရ ဗဟိုဘဏ်ခွင့်ပြုချက်မပါဘဲ မည်သည့်ပြည်ပ နိုင်ငံကချေးငွေမှပြည်တွင်းကို လွှဲပြောင်းလက်ခံခွင့် မရှိတာ သိထားဖို့လိုပါတယ်။ အဲဒီအတွက် ချေးငွေရမယ်ပြောသူတွေကရတဲ့ လျှောက်လွှာကြေးယူပြီး သူတို့က ပေးဖို့အသင့်၊ ဗဟိုဘဏ်က မပေးတာ သူတို့တာဝန် မဟုတ်ဘူးပြောရင် လုပ်ငန်းရှင်က ငွေဆုံးပြီးသူက မြတ်သွားတာသေချာပါတယ်။ ပြည်ပချေးငွေ လိုချင်သူတွေအနေနဲ့ မေးမြန်းစုံစမ်းပြီးမှ ဆောင်ရွက်စေလိုပါတယ်။ ဗဟိုဘဏ်ကိုလည်း စုံစမ်းမေးမြန်းနိုင်ပါတယ်” ဟု ၎င်းက ရှင်းလင်းပြောကြားသည်။

Most Read

Most Recent