NCA စာချုပ်အရ ကျင်းပရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပထမဦးဆုံးအဖြစ် ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ဇန်န၀ါရီ ၁၈ ရက်တွင် စတင်ရန် အတည်ပြု

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ကျင်းပရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပထမဦးဆုံးအဖြစ် ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ဇန်န၀ါရီ ၁၈ ရက်တွင် စတင်ရန် အတည်ပြုခဲ့ကြောင်း ကရင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီဝင် ကရင်ပြည်သူ့ပါတီ (KPP) ဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်ထံမှ သိရသည်။

ဇန်န၀ါရီ ၈ ရက်က ကရင်ပြည်နယ်အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီနှင့် ဒေသခံအဖွဲ့အစည်းများသည် ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးအတွက် ဘားအံမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့တွင် ဇန်န၀ါရီ ၁၈ ရက်မှ ၂၀ ရက်အထိ သုံးရက်ကြာ ပြုလုပ်မည်ဟု အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဦးစောထွန်းအောင်မြင့်က “ကျွန်တော်တို့ မနေ့က နေ့လယ် ၁ နာရီမှာ ဘားအံမှာ ကျွန်တော်တို့ပြန်ပြီးတော့ အစည်းအဝေး ထိုင်ကြတယ်။ ဒီနိုင်ငံရေးအဖွဲ့ရယ်၊ အစိုးရအဖွဲ့ရယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရယ်၊ နည်းနည်း အသေးစိတ် ပြန်ညှိနှိုင်းတာပေါ့။ ညှိနှိုင်းပြီးတော့ ဆုံးဖြတ်ချက်ကတော့ ၁၈၊ ၁၉၊ ၂၀ မှာ သုံးရက် ဆွေးနွေးပွဲပြုလုပ်မယ်။ နောက်ပြီးတော့ ကျွန်တော်တို့ လူအားဖြင့် ကိုယ်စားလှယ် ၅၀၀ ဖိတ်မယ်။ ကျန်တာကတော့ ၀ိုင်းလုပ်မယ့် အဖွဲ့တွေဘာတွေ ရှိမှာပေါ့။ အဲဒါတွေကို အားလုံး ကျွန်တော်တို့ ဘားအံမှာပဲ နေရာထိုင်ခင်းတွေပဲ စီစဉ်ထားပြီးသွားပြီ။ လုပ်ငန်းကော်မတီ ၁၃ ခု ဖွဲ့လိုက်တယ်။ ၁၃ ခုကနေပြီးတော့ အသေးစိတ်သူတို့ ပြန်ချတာပေါ့။ ရက်ကတော့ ကျွန်တော်တို့ အရင်လျာထားတဲ့ ရက်မှာပဲ ကျွန်တော်တို့ အတည်ပြုတဲ့ သဘောဖြစ်သွားတယ်။ ပထမနေ့မှာတော့ စာတမ်း ဆွေးနွေးကြမှာပေါ့။ ဒုတိယနေ့မှာ ပြန်ပြီးခွဲပြီးတော့ ဆွေးနွေးကြမှာ။ တတိယနေ့မှာ ပြန်ပြီးတော့ စုပေါင်းပြီးတော့ ဆွေးနွေးကြမယ်”ဟု ဇန်န၀ါရီ ၉ ရက် က ပြောကြားသည်။

ကရင်ပြည်နယ်တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ကရင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီဝင်များနှင့် ငြိမ်းချမ်းရေးကော်မရှင်တို့သည် ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် က တွေ့ဆုံခဲ့ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအား တာဝန်ခံကာ ကျင်းပရမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) သည် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကရင်ပြည်နယ်တွင် ကျင်းပနိုင်ရန်အတွက် ကရင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းကို အတည်ပြုကြောင်း ဒီဇင်ဘာ ၂၉ ရက်ပါ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

လူမျိုးအလိုက် ကျင်းပသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ တရားဝင်နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပါဝင်သင့် ပါဝင်ထိုက်သော သီးခြားလက္ခဏာရှိသည့် တိုင်းရင်းသားလူမျိုးများ ပါဝင်နိုင်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုး တစ်မျိုးချင်းစီအလိုက် ခံစားသင့် ခံစားထိုက်သော အခွင့်အရေးနှင့် လူမျိုးရေးဆိုင်ရာ စုပေါင်းအခွင့်အရေးကိစ္စရပ်များ၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေယာနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲရေးနှင့် ခွဲဝေခြင်းဆိုင်ရာကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးရန်  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က သတ်မှတ်ထားသည်။

 

Writer: 
ဝီရမိုးနေ