ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် နုတ်ထွက်စာတင်ခြင်း အပါအဝင် ပါတီကိစ္စရပ်များနှင့် ဘင်္ဂါလီများ နေရာချထားရေး အဓိက ဆွေးနွေးနေသည့် မျက်နှာစုံညီ အစည်းအဝေး ရခိုင်အမျိုးသားပါတီ ကျင်းပလျက်ရှိ

ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် နုတ်ထွက်စာတင်ခြင်း အပါအဝင် ပါတီကိစ္စရပ်များနှင့် ဘင်္ဂါလီများ နေရာချထားရေး အဓိက ဆွေးနွေးနေသည့် မျက်နှာစုံညီ အစည်းအဝေး ရခိုင်အမျိုးသားပါတီ ကျင်းပလျက်ရှိ
Published 6 January 2018

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်တွင် ပြုလုပ်သော မျက်နှာစုံညီ အစည်းအဝေးကို တွေ့ရစဉ်

ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် နုတ်ထွက်စာတင်ခြင်း အပါအဝင် ပါတီကိစ္စရပ်များနှင့် ဘင်္ဂါလီများ နေရာချထားရေး အဓိက ဆွေးနွေးနေသည့် မျက်နှာစုံညီ အစည်းအဝေးကို ရခိုင်အမျိုးသားပါတီက ကျင်းပလျက်ရှိသည်။

အဆိုပါ မျက်နှာစုံညီ အစည်းအဝေးကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ ဗဟိုဌာနချုပ်တွင် ဇန်နဝါရီ ၄ ရက်မှ စတင်ကျင်းပလျက်ရှိပြီး ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ၊ မြို့နယ်ပေါင်းစုံမှ ကော်မတီဝင်များ၊ ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ အားလုံးပါဝင်သော အစည်းအဝေး ဖြစ်သည်။

အစည်းအဝေးနှင့် ပတ်သက်ပြီး ပါတီအထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ပထမအချက်က ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေနဲ့ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီရဲ့ အခန်းကဏ္ဍ၊ ပါတီတည်တံ့ခိုင်မြဲဖို့၊ ပါတီကျစ်လျစ်ခိုင်မာဖို့အတွက် ပါတီအနေနဲ့ ရှေ့ဆက်ဘယ်လိုသွားမလဲ။ တတိယက မကြာခင်က မောင်တောခရိုင်မှာ ဖြစ်သွားတဲ့ ဘင်္ဂါလီတွေကို ပြန်လည်နေရာ ချထားပေးမယ့် အစီအစဉ်တွေ ရှိလာပြီဖြစ်တယ်။ တကယ်တော့ ကျွန်တော်တို့ ရခိုင်တွေနဲ့ ရခိုင်မျိုးနွယ်စု တိုင်းရင်းသားတွေဟာ အကြိမ်ပေါင်းမြောက်များစွာ အသက်အိုးအိမ်စည်းစိမ်နဲ့ မိမိတို့ရဲ့ကျေးရွာတွေ၊ နယ်မြေတွေ ဆုံးရှုံးခဲ့ရသူတွေဖြစ်တယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းကမျှ ကျွန်တော်တို့ တိုင်းရင်းသားတွေကို ခေါ်ယူခြင်း၊ ဆွေးနွေးခြင်း တစ်စုံတစ်ရာ မရှိသေးဘူး။ အဲဒါကြောင့် ရခိုင်အမျိုးသားပါတီအနေနဲ့ ဘင်္ဂါလီတွေကို နေရာချထားမယ့် ကိစ္စတွေမှာ ထပ်ပြီးတော့ ရောထွေးယှက်တင် နေရာချထားမှာကို စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုရင် အစိုးရအဆက်ဆက်က မောင်တောခရိုင်မှာ ပြဿနာတွေ ရှိခဲ့တဲ့အတွက် နောက်ထပ်ဒီလိုမျိုး အနိဋ္ဌာရုံတွေကို ထပ်ပြီးမဖြစ်စေချင်တော့တဲ့အတွက် ဘယ်လိုအခန်းကဏ္ဍက ပါဝင်မလဲ ဆိုတာကိုလည်း ကျွန်တော်တို့ တိုင်ပင်ဆွေးနွေးမယ်။ နောက်တစ်ခုက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်နေတဲ့ ကိစ္စတွေဖြစ်တဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်၊ ဒါတွေကို မြို့နယ်ကော်မတီဝင် အားလုံးနဲ့ ဗဟိုကော်မတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီတွေကို အသိပေးဖို့ရှိတဲ့အတွက် ရည်ရွယ်ချက်လေးခုနဲ့ မျက်နှာစုံညီ အစည်းအဝေး ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ပါတီကျစ်လျစ် ခိုင်မာရေးနှင့် ပါတီကိုဆက်လက် တည်ဆောက်ရေးဆိုသည့် ကဏ္ဍတွင် မြို့နယ်များမှ စာတမ်းများ ဖတ်ကြားခဲ့ကြောင်း၊ ဥက္ကဋ္ဌအနေဖြင့် တိုင်ပင်ညှိနှိုင်းပြီးမှ နုတ်ထွက်စာကို တင်သင့်ကြောင်း၊ ယင်းကိစ္စများကို အချိန်ပေးသင့်ကြောင်း၊ ဥက္ကဋ္ဌအနေဖြင့် နုတ်မထွက်သင့်ကြောင်း အစရှိသော အကြောင်းအရာများကို ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ အလားတူပင် ဗဟိုနှင့် မြို့နယ်ပေါင်းစပ်ပြီး မည်သို့ ဆက်လက် လုပ်ဆောင်မည့် ကိစ္စရပ်များလည်း ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ပါတီက ရွေးကောက်ပွဲဝင်ဖို့ အဓိကမဟုတ်ဘဲ ရခိုင်ပြည်နယ်လုံးမှာရှိတဲ့ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စု တိုင်းရင်းသား ပြည်သူတွေ၊ ရာခိုင်နှုန်း ၈၀ သော ဆင်းရဲသား ပြည်သူတွေ ဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လုံခြုံဖို့အတွက် ရည်မှန်းထားတဲ့ မူဝါဒတွေလည်း ရှိတယ်။ ဒီကိစ္စတွေကိုလည်း မျိုးနွယ်ခေါင်းဆောင်တွေနဲ့ စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်မှုတွေ၊ ရွေးကောက်ပွဲမှာကော ဘယ်လိုသွားမလဲ ဆိုတာကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ နောက်ဆုံးနေ့မှာ သတင်းစာရှင်းလင်းပွဲကိုလည်း လုပ်သွားဖို့ ရှိပါတယ်” ဟု ဦးထွန်းအောင်ကျော်က ဆက်လက်ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ဗဟိုကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ မြို့နယ်ကိုယ်စားလှယ်များအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ကိုယ်စားလှယ်များ အပါအဝင် ၁၀၀ ကျော် တက်ရောက်လျက်ရှိသည်။

 

Most Read

Most Recent