အစိုးရဝန်ထမ်းများ၊ လွှတ်တော် ကိုယ်စားလှယ်များသည် အစိုးရစီမံကိန်းများကို အဆင်ပြေသော နီးစပ်သူများအား လုပ်ပိုင်ခွင့်ပေးသည့် အလေ့အကျင့်ကိုဖျောက်ရန် NLD ပါတီ ဗဟိုကော်မတီ အဋ္ဌမအကြိမ် အစည်းအဝေး သဘာပတိ မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

အစိုးရဝန်ထမ်းများ၊ လွှတ်တော် ကိုယ်စားလှယ်များသည် အစိုးရစီမံကိန်းများကို အဆင်ပြေသော နီးစပ်သူများအား လုပ်ပိုင်ခွင့်ပေးသည့် အလေ့အကျင့်ကိုဖျောက်ရန် NLD ပါတီ ဗဟိုကော်မတီ အဋ္ဌမအကြိမ် အစည်းအဝေး သဘာပတိ မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
Published 31 December 2017

ဒီဇင်ဘာ ၃၀ ရက်က NLD ပါတီ ဗဟိုဌာနချုပ်ရုံးတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမ-ဗဟိုကော်မတီ အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေး၌ သဘာပတိ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အဖွင့်အမှာစကား ပြောကြားစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

အစိုးရဝန်ထမ်းများ၊ လွှတ်တော် ကိုယ်စားလှယ်များသည် အစိုးရစီမံကိန်းများကို အဆင်ပြေသော နီးစပ်သည့်သူများကို လုပ်ပိုင်ခွင့်ပေးသည့် အလေ့အကျင့်ကို ဖျောက်ရန် NLD ပါတီ ဗဟိုကော်မတီ အဋ္ဌမအကြိမ် အစည်းအဝေး သဘာပတိ ဗဟိုကော်မတီဝင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမ-ဗဟိုကော်မတီ အဋ္ဌမအကြိမ် ပုံမှန်အစည်းအဝေးကို ဒီဇင်ဘာ ၃၀ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးတွင် ပြုလုပ်ရာ အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာ၌ အစည်းအဝေး သဘာပတိ ဒေါက်တာအေးဇံက ထိုသို့ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရနဲ့အတူ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကြမယ့် လူငယ်များ၊ လူကြီးများအနေနဲ့ အစိုးရထံက နီးစပ်လို့ပဲ ဖြစ်ဖြစ်၊ အဆင်ပြေလို့ပဲ ဖြစ်ဖြစ်ရလာတဲ့ စီမံကိန်းတွေအပေါ် မှီခိုပြီး စီးပွားရှာဖွေကြတဲ့ အလေ့အထကို စွန့်လွှတ်ပြီး စွန့်ဦးတီထွင်သည့် လုပ်ငန်းရှင်များ ကျွမ်းကျင်ရာ နယ်ပယ်အလိုက် ပို့ကုန်လုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်အောင် ကြိုးပမ်းကြဖို့ တိုက်တွန်းလိုပါတယ်။ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြတဲ့ အစိုးရဝန်ထမ်းများ၊ ပြည်သူ့တာဝန်ကို ထမ်းဆောင်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များကလည်း အစိုးရစီမံကိန်းများကို အဆင်ပြေတဲ့၊ နီးစပ်တဲ့သူများကို လုပ်ပိုင်ခွင့် ပေးတဲ့အလေ့အကျင့်ကို ဖျောက်ပြီး လူငယ်များ၊ စီးပွားရေး လုပ်ငန်းရှင်များ နည်းစနစ်တကျ စီးပွားရေးလုပ်ကိုင်နိုင်တဲ့ အခွင့်အလမ်းများကို ဖော်ကျူးကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ အဆင်ပြေဖို့ နာမည်ကောင်းရဖို့ထက် လူအများ စီးပွားကောင်းကောင်း ရှာနိုင်ဖို့က ပိုအရေးကြီးကြောင်း အသိပေး မေတ္တာရပ်ခံလိုပါတယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

စီးပွားရေး လုပ်ငန်းများအား ပြည်တွင်း၌ အပြိုင်အဆိုင် ဖြစ်လာရန် ဖန်တီးပေးရုံမက ပြည်ပနိုင်ငံများနှင့်လည်း ပူးပေါင်းရင်း ပြိုင်ဆိုင်၊ ပြိုင်ဆိုင်ရင်း ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ဒေသတွင်း အင်အားကြီးနိုင်ငံတစ်ခု ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် One Belt One Road ဟုဆိုကာ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ ဆက်စပ်ပြီး စီးပွားရေးပူးပေါင်း ဆောင်ရွက်ရန် ကြိုးစားလာနေသည်ကို တွေ့ရှိရကြောင်း၊ One Belt One Road စီမံကိန်း တွင် ကုန်းမြေနှင့် ဆက်စပ်နေသည့် ပင်လယ်ပြင်များ ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်ခုအနေဖြင့် အရေးပါလျက်ရှိကြောင်း၊ ထို့ပြင် ပိုးလမ်းမ စီမံကိန်းတွင်လည်း ပါဝင်လျက်ရှိသောကြောင့် နိုင်ငံတကာနှင့် ပြိုင်ဆိုင်မှုသည် မဖြစ်မနေ ပြင်းထန်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံတကာနှင့် အပြင်းအထန် ပြိုင်ဆိုင်နိုင်ရန် မျိုးဆက်သစ်လူငယ်များကို လက်တွဲခေါ်ယူရန် အထူးအရေးကြီးပြီး တာဝန်ယူ၊ တာဝန်ခံသူများ အနေဖြင့် ရဲရဲဆုံးဖြတ်၊ ရဲရဲလုပ်ကြရန် တိုက်တွန်းလိုကြောင်း ၎င်းကပြောကြားသည်။

“ကမ္ဘာ့စီးပွားရေး နှေးကွေးသွားတာကြောင့်အပြင် အခြားသော အကြောင်းခြင်းရာများကြောင့်ပါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့စီးပွားရေးဟာ နှောင့်နှေးနေခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရခိုင်ပြည်နယ်ရဲ့ ပြဿနာထပ်ဖြစ်လိုက်တော့ အခြေအနေက ပိုမိုယိမ်းယိုင်ခဲ့ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူ တစ်ဦးချင်းစီရဲ့ဘဝများဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိမှ ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ သို့သော် ငြိမ်းချမ်းရေးကို တည်ဆောက်ဆဲမှာလည်း လူမှုစီးပွားများကို တတ်နိုင်သလောက် ကောင်းမွန်လာအောင် ကျွန်တော်တို့ အထူးကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် မကြာခဏ ထည့်ပြောနေတဲ့ စကားက အခုလိုစိန်ခေါ်မှုများ အများအပြားကို ရင်ဆိုင်နေရတဲ့ အခြေအနေမျိုးပါပဲ။ ရဲရဲလုပ်ကြပါ။ မိမိအာဏာနေရာကို အရေးမထားဘဲ လူထုအတွက် ရဲရဲဆောင်ရွက်ပေးကြဖို့ တိုက်တွန်းနေရခြင်း ဖြစ်ပါတယ်။ အကန့်အသတ်တွေ ရှိနေပေမဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ဘဝကောင်းမွန်လာစေရေးဟာ ကျွန်တော်တို့လို အစိုးရတာဝန် ယူထားသူတွေအတွက် အဓိကကျတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်”ဟု ဒေါက်တာအေးဇံက ပြောကြားသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍက နိုင်ငံဝင်ငွေ ဒုတိယအများဆုံး ရရှိသည့်နိုင်ငံ ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လယ်ယာမြေ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရသည် စိုက်ပျိုးရေးကုန်စည်များ လျင်မြန်စွာ စီးဆင်းနိုင်ရေးအပြင် တောင်သူလယ်သမားများ၏ အခန်းကဏ္ဍ၊ ပို့ကုန်လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကိုပါ မြှင့်တင်နိုင်ရေးတို့ကို ဆောင်ရွက်ပေးရန် တိုက်တွန်းလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်၊ အိန္ဒိယ အပါအဝင် အခြားဝယ်လိုအားများသည့် နိုင်ငံကြီးများကိုပါ အဓိကထား တင်ပို့ရောင်းချနိုင်ရန် လိုအပ်လာကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

မြန်မာနိုင်ငံအစိုးရသည် ငြိမ်းချမ်းရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆိုသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ ထိုကဲ့သို့ အခြေအနေမျိုးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တိုင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံတော်အစိုးရကို ပြတ်ပြတ်သားသား ဝန်းရံကြရမည် ဖြစ်ကြောင်း၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ အနေဖြင့် အဖွဲ့ချုပ်မှ ချမှတ်ထားသည့် မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာပြီး အဖွဲ့ချုပ်၏ ဂုဏ်သိက္ခာကို တည့်မတ်မှန်ကန်သည့် ကိုယ်ကျင့်တရား၊ စူးရှထက်မြက်သည့် ဉာဏ်အမြော်အမြင်တို့ဖြင့် ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အတူ မိမိအနေဖြင့် အဖွဲ့ချုပ် အဖွဲ့ဝင်သစ်၊ အဟောင်းဟု ခွဲခြားထားမည် မဟုတ်ဘဲ အဖွဲ့ချုပ်၏ မူဝါဒနှင့် စည်းကမ်းကို လိုက်နာသည့် အဖွဲ့ဝင်နှင့် မကိုက်ညီသည့်အဖွဲ့ဝင်ဟု ခွဲခြား သတ်မှတ်ထားကြောင်း၊ အဖွဲ့ချုပ်၏ မူဝါဒစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အဖွဲ့ဝင်များအား မည်သည့်တာဝန်မျိုး ထမ်းဆောင်နေသည်ဖြစ်စေ မိမိတို့အနေဖြင့် ကန့်ကွက်ရှုတ်ချ တိုက်ဖျက်သွားကြမည် ဖြစ်ကြောင်းနှင့် မိမိတို့၏ ဂုဏ်သိက္ခာ၊ နေရာထက် ပြည်သူလူထု တစ်ရပ်လုံး၏ အပြုံးမျက်နှာများက ပိုမိုအရေးကြီးပြီး အဖွဲ့ချုပ်အဖွဲ့ဝင်များ စည်းကမ်းတကျ ပြုမူဆောင်ရွက်ကြရန်၊ သဘောထားကြီးကြရန်၊ ပူးပေါင်း ဆောင်ရွက်တတ်သော အခြားသူများကို လေးစားတတ်သည့် ယဉ်ကျေးမှု ထွန်းကားလာရန် ဝိုင်းဝန်းဆောင်ရွက်ကြရန် ဒေါက်တာအေးဇံက ပြောကြားသည်။

အစည်းအဝေးကို နှစ်ရက်တာ ကျင်းပမည်ဖြစ်ရာ ဒီဇင်ဘာ ၃၁ ရက်တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဗဟိုကော်မတီဝင်များက တင်သွင်းလာသော အစီရင်ခံစာများကို ပြန်လည်ဆွေးနွေးခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ဗဟိုကော်မတီဝင်များက တင်သွင်းသော အစီရင်ခံစာများကို ပြန်လည်ဆွေးနွေးခြင်း၊ ဗဟိုကော်မတီဝင်များ၏ တင်ပြချက်များအပေါ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြန်လည်ရှင်းလင်း တင်ပြခြင်း၊ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း စသည့်အစီအစဉ်များဖြင့် ကျင်းပသွားမည် ဖြစ်သည်။

NLD ပါတီ ဗဟိုကော်မတီအစည်းအဝေးကို ခြောက်လတစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။

Most Read

Most Recent