NLD ဦးဆောင်သည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးလုပ်ငန်းစဉ်၌ ထိပ်တန်း ရာထူးတာဝန် ယူထားကြသူများ အပါအဝင် ပါဝင်ဆောင်ရွက်နေကြသူ အားလုံး မိမိ၏ ရာထူး၊ ဂုဏ်သိက္ခာ၊ ထင်ပေါ်ကျော်ကြားမှုကို အလေးမထားဘဲ ပြည်သူလူထု ဝမ်း၀၀နှင့် ဘဝလှလှတွင် နေနိုင်ကြဖို့ အဓိကထားကြရန် NLD ပါတီ ဗဟိုကော်မတီ အဋ္ဌမအကြိမ် အစည်းအဝေး သဘာပတိ ပြောကြား

NLD ဦးဆောင်သည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးလုပ်ငန်းစဉ်၌ ထိပ်တန်း ရာထူးတာဝန် ယူထားကြသူများ အပါအဝင် ပါဝင်ဆောင်ရွက်နေကြသူ အားလုံး မိမိ၏ ရာထူး၊ ဂုဏ်သိက္ခာ၊ ထင်ပေါ်ကျော်ကြားမှုကို အလေးမထားဘဲ ပြည်သူလူထု ဝမ်း၀၀နှင့် ဘဝလှလှတွင် နေနိုင်ကြဖို့ အဓိကထားကြရန် NLD ပါတီ ဗဟိုကော်မတီ အဋ္ဌမအကြိမ် အစည်းအဝေး သဘာပတိ ပြောကြား
Published 31 December 2017

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ဦးဆောင်သည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး လုပ်ငန်းစဉ်တွင် ထိပ်တန်း ရာထူးတာဝန် ယူထားကြသူများ အပါအဝင် ကျရာကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြသူ အားလုံး မိမိ၏ ရာထူး၊ ဂုဏ်သိက္ခာ၊ ထင်ပေါ်ကျော်ကြားမှုကို အလေးမထားဘဲ ပြည်သူလူထု ဝမ်း၀၀နှင့် ဘဝလှလှတွင် နေနိုင်ကြဖို့ အဓိကထားကြရန် NLD ပါတီ ပထမ ဗဟိုကော်မတီ၊ အဋ္ဌမအကြိမ် အစည်းအဝေး သဘာပတိ ဗဟိုကော်မတီဝင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘာပတိအဖွဲ့ နာယက သူရဦးတင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ အရန်ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များနှင့် လွှတ်တော်ဥက္ကဋ္ဌများ တက်ရောက်သည့် NLD ပါတီ ပထမ ဗဟိုကော်မတီ၊ အဋ္ဌမအကြိမ် အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးချုပ်တွင် ဒီဇင်ဘာ ၃၀ ရက်က စတင်ပြုလုပ်ခဲ့ရာ ဒေါက်တာအေးဇံက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ၎င်း၏ အဖွင့်အမှာစကားတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ ထိပ်တန်း ရာထူးတာဝန် ယူထားကြသူများ အပါအဝင် မိမိတို့ ကျရာကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေကြသူ အားလုံး မိမိရဲ့ရာထူး မိမိရဲ့ဂုဏ်သိက္ခာ မိမိထင်ပေါ်ကျော်ကြားမှုကို အလေးမထားဘဲ ပြည်သူလူထု တစ်ဦးချင်းစီတိုင်းက ဝမ်း၀၀နဲ့ ဘဝလှလှမှာ နေနိုင်ကြဖို့ အဓိကထားကြပါလို့ ပြောကြားလိုခြင်း ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ပြည်ထောင်စု တိုင်းရင်းသားအချင်းချင်း လက်တွဲခေါ်ယူလိုစိတ် အပြည့်ရှိသော်လည်း လုပ်ပိုင်ခွင့်အာဏာ ရရှိထားသူ အချင်းချင်းအနေဖြင့် တစ်ဦးနှင့်တစ်ဦး ဖေးဖေးမမ မရှိကြပါက သို့မဟုတ် လုပ်ပိုင်ခွင့်အာဏာ ရရှိထားသူများ အနေဖြင့် ပြည်သူလူထု သို့မဟုတ် မျိုးဆက်သစ် လူငယ်များ၊ အမျိုးသမီးများကို လက်တွဲခေါ်ယူလိုစိတ် မရှိလျှင် မိမိတို့ ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တသည့် ငြိမ်းချမ်းရေးမှာ အလှမ်းဝေးနေဦးမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းမှာ နိုင်ငံရေးအရ အရေးကြီးသော ရာထူးတာဝန်ကို ထမ်းဆောင်နေကြသူများ အချင်းချင်း သတ္တိရှိရှိ ယုံယုံကြည်ကြည် လက်တွဲကြရန် တိုက်တွန်းကြောင်း ဒေါက်တာအေးဇံက ပြောကြားသည်။

မိမိတို့ ရာထူး၊ မိမိတို့ ဂုဏ်သိက္ခာ နာမည်ကျော်ကြားရန်ထက် ပြည်သူလူထု၏ မျက်ဝန်းအိမ်များက မျက်ရည်များအား သုတ်ပေးရန်ကို အဓိက စေတနာထားပေးကြပါရန် ပြောကြားလိုကြောင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်း လက်တွဲဆောင်ရွက်ကြရင်း၊ တစ်ဦးနှင့်တစ်ဦး သည်းခံစိတ် မွေးကြရင်း ရိုင်းပင်းကူညီကြရင်းဖြင့် အောင်မြင်သော ဒီမိုကရက်တစ် ဖက်ဒရယ်နိုင်ငံတော် ထူထောင်နိုင်ရေးတွင် ပြည်သူလူထုကြီးနှင့်အတူ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ထုကြီးကလည်း ပါဝင်ရမှာဖြစ်ကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

ဒေါက်တာအေးဇံက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာ ငါနဲ့ ငါ့အုပ်စု နေရာရရေး၊ နာမည်ရရေး၊ ထင်ပေါ်ရေး စတာတွေကို ဦးတည်တဲ့ မည်သည့်လုပ်ရပ်မဆို ဆန့်ကျင်ကန့်ကွက် တိုက်ဖျက်ပစ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ငါနဲ့ င့ါအုပ်စုကလွဲလို့ ဆိုတဲ့ရှိနေတဲ့ စိတ်ထားမျိုး ရှိနေသရွေ့ အခြားသူတွေကို ပြည်ထောင်စုစိတ်ဓာတ် မွေးဖို့ တိုက်တွန်းရာမှာ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ သတိချပ်စေလိုပါတယ်။ ငါနဲ့ငါ့အုပ်စု နေရာရရေး၊ နာမည်ရရေး၊ ထင်ပေါ်ကျော်ကြားရေးကို သွားမလား။ ပြည်သူလူထုရဲ့ နေ့စဉ်ဘ၀ ကျကျနနရှိရေးကို အဓိကထားမလား ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေအဖွဲ့ဝင်များကနေ ဦးဆောင်တဲ့နေရာမှာရှိတဲ့ အဖွဲ့ဝင်များပါ မိမိ ကိုယ်ကိုယ် ပြန်လည်မေးရမယ့် မေးခွန်းဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ရာမှာ အသုံးပြုရမယ့်အချက်လည်း ဖြစ်ပါတယ်”ဟု ပြောကြားသည်။

NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးကို ခြောက်လတစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။

Most Read

Most Recent