နိုင်ငံရေးမျိုးဆက်အသီးသီး ပါဝင်ထူထောင်မည့် နိုင်ငံရေးပါတီ၏ အမည်၊ မူဝါဒနှင့် ဖွဲ့စည်းပုံတို့ကို သတ်မှတ်ဆုံးဖြတ်မည့် ပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီ စုံညီအစည်းအဝေး ကျင်းပ

နိုင်ငံရေးမျိုးဆက်အသီးသီး ပါဝင်ထူထောင်မည့် နိုင်ငံရေးပါတီ၏ အမည်၊ မူဝါဒနှင့် ဖွဲ့စည်းပုံတို့ကို သတ်မှတ်ဆုံးဖြတ်မည့် ပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီ စုံညီအစည်းအဝေး ကျင်းပ
Published 17 December 2017

ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယကျောင်းတိုက်တွင် ပြုလုပ်သော နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ဒုတိယအကြိမ်စုံညီအစည်းအဝေးကို တွေ့ရစဉ်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအဝင် နိုင်ငံရေးမျိုးဆက်အသီးသီးမှ ပုဂ္ဂိုလ်များပါဝင်ထူထောင်မည့် နိုင်ငံရေးပါတီ၏အမည်၊ မူဝါဒနှင့် ဖွဲ့စည်းပုံတို့အား သတ်မှတ်ဆုံးဖြတ်မည့် ပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီ ဒုတိယအကြိမ် စုံညီအစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယကျောင်းတိုက်တွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါစုံညီအစည်းအဝေးသို့ ပါတီဖြစ်မြောက်ရေးကော်မတီများ ဖွဲ့စည်းထားသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိပြီး ဒီဇင်ဘာ ၁၇ ရက်အထိ အစည်းအဝေးအား ကျင်းပမည်ဖြစ်သည်။

“ဒီနေ့ဒီအချိန်မှာတော့ ကျွန်တော်တို့ ဟောဒီစုံညီအစည်းအဝေးကို ခေါ်ကတည်းက နိုင်ငံရေးပါတီတစ်ရပ်အဖြစ် မှတ်ပုံတင်ရင် လိုအပ်တဲ့အချက်အလက်တွေကို ဒီနှစ်ရက်တာ စုံညီအစည်းအဝေးမှာ ဆွေးနွေး၊ ညှိနှိုင်း၊ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ အဲဒီအခု ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းတဲ့သဘာ၀ ကိုယ်၌ကထူးခြားနေတာက နိုင်ငံရေးပါတီတစ်ရပ်ထူထောင်တာ မထူထောင်ခင်မှာ ဒီလိုဆွေးနွေးညှိနှိုင်းတာမျိုးက ရှားတောင့်ရှားပါးကိစ္စပါ။ ဒါကျွန်တော်တို့ ဒီယဉ်ကျေးမှုကို အတတ်နိုင်ဆုံး စတင်ပြီးတော့ လေ့ကျင့်ပျိုးထောင်တယ်လို့ ပြောလို့ရပါတယ်” ဟု ပါတီဖြစ်မြောက်ရေး ဗဟိုလုပ်ငန်းကော်မတီ ဦးဆောင်အဖွဲ့တာဝန်ခံ ဦးကိုကိုကြီးက ပြောကြားသည်။

ပါတီထူထောင်ရာတွင် ပုံမှန်အားဖြင့် အနည်းဆုံးပါတီတည်ထောင်လိုသူ ၁၅ ဦး စာရင်းတင်ပါက ပါတီမှတ်ပုံတင်ခွင့် အောင်မြင်ကြောင်း၊ ပါတီမှတ်ပုံတင်ခွင့်ကျသည့်အခါ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့စာရင်း၊ ပါတီဝင်စုဆောင်းခြင်း စသည့်လုပ်ငန်းများ လုပ်ဆောင်သော်လည်း ယခုဖြစ်ပေါ်လာမည့် ပါတီသည် ပါတီမှတ်ပုံမတင်ခင်ကတည်းက မိမိတို့ ရဲဘော်များကြားတွင် အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ချက်များချပြီးမှ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ယခုနှစ်ရက်တာ စုံညီအစည်းအဝေးတွင်လည်း ပါတီ၏အမည်၊ မူဝါဒ၊ ဖွဲ့စည်းပုံများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

“ဆွေးနွေးဖို့အတွက်ကိုလည်း ကျွန်တော်တို့ အရင်အစည်းအဝေးများမှာ အကြံပြုတဲ့ဆွေးနွေးချက်တွေကို စုစည်းပြီးတော့ ကျွန်တော်တို့ဦးဆောင်ကော်မတီနဲ့ ဗဟိုကော်မတီကနေ မူကြမ်းပြုစုထားတာဖြစ်ပါတယ်။ အဲဒီမူကြမ်းကို ကြိုတင်လေ့လာနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ဖြန့်ဝေထားပါတယ်။ အဲဒီတော့ ဒီနေ့မွန်းလွဲပိုင်းနဲ့ မနက်ဖြန် နှစ်ရက်တာအတောအတွင်းမှာ ကျွန်တော်တို့ အသေးစိတ် ဒီမှာဝိုင်းပြီးတော့ ဆွေးနွေးညှိနှိုင်းကြတာတွေရှိပါမယ်။ တကယ့်တကယ်က ပါတီဒီထက်ပိုပြီးတော့ အသားကျလာတဲ့ ရင့်ကျက်လာတဲ့အချိန်မှာကတော့ အောက်ခြေကနေ တဖြည်းဖြည်းချင်း အဆင့်ဆင့်ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ၊ ညီလာခံတွေနဲ့ အားကောင်းခိုင်မာအောင် ကျွန်တော်တို့ ဆက်ပြီးဆောင်ရွက်သွားကြမှာဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ထိုသို့ ပါတီအမည်၊ မူဝါဒ၊ ဖွဲ့စည်းပုံတို့အား အတည်ပြုပြီးပါက ပါတီမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလကုန် (သို့မဟုတ်) ၂၀၁၈ ခုနှစ် ဇန်နဝါရီလဆန်းတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ဗဟိုအဆင့်ဦးဆောင်အဖွဲ့နှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းအခမ်းအနားကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပိယကျောင်းတိုက်တွင် ၂၀၁၇ ခုနှစ် ဇူလိုင်အတွင်းကပြုလုပ်ကာ ဗဟိုလုပ်ငန်းကော်မတီများကို ဖွဲ့စည်းခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီသစ်၏ စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ရန် သြဂုတ် ၁၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီကို ပထမဆုံးဖွဲ့စည်းခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၏ရုံးခန်းကို ဟင်္သာတမြို့တွင် အောက်တိုဘာ ၁ ရက်က ဖွင့်လှစ်ခဲ့သည်။

ထို့အတူ မကွေးတိုင်းဒေသကြီး နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီကို စက်တင်ဘာ ၁၁ ရက်ကဖွဲ့စည်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပါတီဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းခြင်းနှင့် ရုံးခန်းဖွင့်လှစ်ခြင်းကို အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သည်။

အလားတူ စတုတ္ထမြောက်စည်းရုံးရေးအဖြစ် အောက်တိုဘာ ၂၂ ရက်က မွန်ပြည်နယ် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီအား ဖွဲ့စည်းခဲ့သည့်အပြင် မြို့နယ်အချို့တွင်လည်း ကော်မတီများဖွဲ့စည်းထားသည်။

ထို့ပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီပွန်ဖောင်ဒေးရှင်းတို့၏ ဖိတ်ကြားချက်အရ ဗဟိုလုပ်ငန်းကော်မတီဦးဆောင်အဖွဲ့ တာဝန်ခံ ဦးကိုကိုကြီးဦးဆောင်သော နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ အောက်တိုဘာလအတွင်းက လေ့လာရေးခရီး သွားရောက်ထားသည်။

Most Read

Most Recent