လူမှုရေးကိစ္စဖြင့် စွပ်စွဲခံရသည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးနေမျိုးကျော်အား NLD ပါတီက စုံစမ်းစစ်ဆေးပြီးနောက် ပါတီတာဝန်များ ရပ်ဆိုင်း

လူမှုရေးကိစ္စဖြင့် စွပ်စွဲခံရသည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးနေမျိုးကျော်အား NLD ပါတီက စုံစမ်းစစ်ဆေးပြီးနောက် ပါတီတာဝန်များ ရပ်ဆိုင်း
Published 9 December 2017

လူမှုရေးကိစ္စဖြင့် စွပ်စွဲခံရသည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီပိုင်းက စုံစမ်းစစ်ဆေးပြီးနောက် ပါတီတာဝန် ထမ်းဆောင်ခြင်းအား ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

ဦးနေမျိုးကျော်သည် NLD ပါတီ မကွေးတိုင်းဒေသကြီး အတွင်းရေးမှူးတာဝန် ထမ်းဆာင်လျက်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရကာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။

ဝန်ကြီး ဦးနေမျိုးကျော်အား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်း မဟုတ်ဘဲ ပါတီအဆင့်မြင့် တာဝန်များအား ရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် အရေးယူသည်ကို ပါတီတွင်းကိစ္စဖြစ်သဖြင့် ပြော၍မရကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာန တာဝန်ခံ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားသည်။

“(လူမှုရေးကိစ္စ) အဲဒီကိစ္စအတွက် ကျွန်တော်တို့ Inquiry ဖွဲ့ပေးလိုက်တယ်။ Inquiry စစ်ဆေးပြီးတော့ အဲဒီတွေ့ရှိချက် Report ပေါ်မှာ မူတည်ပြီးတော့ ဒီရလဒ် ထွက်တာပါ” ဟု ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ထိုသို့ ပါတီတွင်း အရေးယူသည့်အပေါ် ဝန်ကြီးဦးနေမျိုးကျော်အား မေးမြန်းခဲ့ရာတွင် ယင်းကိစ္စအား လုံးဝမမေးပါရန် ဖြေကြားသည်။

သို့ရာတွင် ဦးနေမျိုးကျော် တာဝန်ထမ်းဆောင်နေသည့် အုပ်ချုပ်ရေးပိုင်းက မည်သို့ ဆောင်ရွက်မည်ကို မသိရှိကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

“အဲဒါကျတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ အစိုးရအဖွဲ့နဲ့ပဲ ဆိုင်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုအား The Daily Eleven သတင်းစာက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ “အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှမသိဘူးဗျ။ ကျွန်တော်တို့ကတော့ အထက်က ညွှန်ကြားတဲ့အတိုင်းပဲ ဆောင်ရွက်ဖို့ပါပဲ။ ကျွန်တော့်အနေနဲ့လည်း ဘာမှသီးသန့်ပြောစရာ မရှိပါဘူး”ဟု ပြောကြားသည်။

လူမှုရေးကိစ္စနှင့် ပတ်သက်၍ Facebook စာမျက်နှာတွင် ပျံ့နှံ့နေသည့် သတင်းများသည် ၎င်းတို့နှစ်ဦးအား နိုင်ငံရေးအရ၊ လူမှုရေးအရ စွပ်စွဲတိုက်ခိုက်မှုများသာ ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ဝန်ကြီး တစ်ဦးအား စွပ်စွဲပြစ်တင်ခြင်းသည် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်သောကြောင့် ထပ်မံစွပ်စွဲမှုများ ရှိလာပါက ဥပဒေအရ ဆောင်ရွက်မည်ဟု စက်တင်ဘာ ၂ ရက်တွင် ဝန်ကြီးဦးနေမျိုးကျော် အပါအဝင် စွပ်စွဲခံရသည့် ကာယကံရှင်တို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်က ပြောကြားခဲ့သည်။

Most Read

Most Recent