အစ္စရေးနိုင်ငံက မြန်မာနိုင်ငံကို လက်ရှိတွင် လက်နက်တင်ပို့ရောင်းချမှု ရှိနေသည်ဟု သံအမတ်ကြီး၏ ပြောကြားချက်သည် အစ္စရေးကြည်းတပ် ရေဒီယိုက မှားယွင်းဘာသာပြန်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး ပြန်လည်ရှင်းလင်း

အစ္စရေးနိုင်ငံက မြန်မာနိုင်ငံကို လက်ရှိတွင် လက်နက်တင်ပို့ရောင်းချမှု ရှိနေသည်ဟု သံအမတ်ကြီး၏ ပြောကြားချက်သည် အစ္စရေးကြည်းတပ် ရေဒီယိုက မှားယွင်းဘာသာပြန်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး ပြန်လည်ရှင်းလင်း
Published 5 December 2017

Myanmar Embassy in Israel Facebook စာမျက်နှာတွင် ပြန်လည်ရှင်းလင်းထားမှုအား တွေ့ရစဉ်

အစ္စရေးနိုင်ငံက မြန်မာနိုင်ငံကို လက်ရှိတွင် လက်နက်တင်ပို့ရောင်းချမှု ရှိနေသည်ဟု သံအမတ်ကြီးက ပြောကြားချက်သည် အစ္စရေး GLZ ကြည်းတပ်ရေဒီယိုက မှားယွင်းဘာသာပြန်ခဲ့ခြင်း ဖြစ်ကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီဇင်ဘာ ၂ ရက်တွင် Myanmar Embassy in Israel Facebook စာမျက်နှာတွင် ပြန်လည်ရှင်းလင်း ထားသည်။

မြန်မာသံရုံး၏ ရှင်းလင်းချက်တွင် GLZ ကြည်းတပ်ရေဒီယို အနေဖြင့် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းအား ပြုလုပ်ခဲ့သည့် မေးမြန်းခန်း အစီအစဉ်ကို “Ambassador of Myanmar in rare interview. There is no ethnic cleansing. The minority ignites the houses” ဟူသည့် သတင်းခေါင်းစဉ်ဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ဟီးဘရူးဘာသာ စကားဖြင့် ထုတ်လွှင့်ခဲ့ပါသည်။ သံအမတ်ကြီး ဦးမောင်မောင်လင်း အနေဖြင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသည့် အခြေအနေမှန်များကို ရှင်းလင်းပြောကြားရန် တာဝန်ရှိသည့် အားလျော်စွာ ရရှိသည့် အခွင့်အရေးကို အကျိုးရှိစွာ အသုံးပြုလျက် မြန်မာအစိုးရ၏ ရပ်တည်ချက်များအား ဟီးဘရူးဘာသာဖြင့် ထုတ်လွှင့်သည့် သတင်းမီဒီယာမှတစ်ဆင့် အစ္စရေးပြည်သူလူထုထံသို့ ဖြန့်ဝေမှုမှတစ်ဆင့် ရခိုင်အရေး ကိစ္စအပေါ် ပိုမိုရှင်းလင်းမြင်သာစွာ သိရှိလာစေရန်နှင့် “Ethnic Cleansing” (လူမျိုးစု သုတ်သင်ရှင်းလင်းသည်) ဟူသည့် စွပ်စွဲပြောဆို ချက်များအပေါ် တိကျပြတ်သားစွာ ငြင်းဆိုနိုင်ရန်အတွက် ယင်းမေးမြန်းခန်းကို လက်ခံဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မေးမြန်းသူ၏ မေတ္တာရပ်ခံချက်အရ ယင်းတွေ့ဆုံမေးမြန်းမှုကို တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားပေးခဲ့ပြီး မေးမြန်းသူအနေဖြင့် မြန်မာ-အစ္စရေးအကြား လက်နက်ရောင်းချ ဝယ်ယူမှုဆိုင်ရာ ဆက်ဆံရေးများနှင့် စပ်လျဉ်း၍လည်း မေးခွန်းများ ပြုလုပ်ခဲ့ကြောင်း မြန်မာသံရုံး၏ ရှင်းလင်းချက်တွင် ပါရှိသည်။

ထို့နောက် အင်္ဂလိပ်ဘာသာဖြင့် ပြုလုပ်ခဲ့သည့် ယင်းအမေးအဖြေများကို အစီအစဉ် တင်ဆက်သူနှစ်ဦးက ဟီးဘရူးဘာသာသို့ ပြန်ဆိုကာ ခုနစ်မိနစ်ကြာ သတင်းအဖြစ် ထုတ်လွှင့်ခဲ့ရာ၌ ၎င်းရေဒီယိုဌာနသည် မြန်မာသံအမတ်ကြီး၏ ဖြေကြားချက် အသံမှတ်တမ်းကို သေးငယ်သည့် အစိတ်အပိုင်းများအဖြစ် ဖြတ်တောက်၍ ယင်းတို့အနက် မူရင်းအသံအချို့ကိုသာ ဖော်ပြလျက် ဟီးဘရူးဘာသာသို့ ပြန်ဆိုကာ သံအမတ်ကြီး၏ ကြေညာချက်သဖွယ် ထုတ်လွှင့်ခဲ့ကြောင်း သံရုံး၏ ရှင်းလင်းမှုတွင် ပါဝင်သည်။

မြန်မာသံရုံး၏ ရှင်းလင်းချက်တွင် အမှန်အားဖြင့် အဆိုပါမေးမြန်းမှုသည် သာမန် အမေး၊ အဖြေ ပုံစံမျိုး ဖြစ်သော်လည်း ၎င်းတို့အနေဖြင့် ၎င်းတို့၏ သဘောဆန္ဒအရ ဖြတ်တောက်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်ဖြစ်ရာ ဘာသာပြန်ဆိုရာမှ အဓိပ္ပာယ် လွဲမှားသည့် ဖြစ်လေ့ဖြစ်ထရှိသော သဘောအရ ယင်းအစီအစဉ်နှင့် ပတ်သက်၍ အဓိပ္ပာယ်နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ အမေးအဖြေကို တယ်လီဖုန်းမှတစ်ဆင့် ပြုလုပ်ခဲ့သည့်အပြင် မိခင်ဘာသာစကား မဟုတ်သည့် အင်္ဂလိပ်ဘာသာဖြင့် ဖြေကြားခဲ့သည့် မြန်မာသံအမတ်ကြီး၏ အသံထွက်၊ လေယူလေသိမ်းတို့အပေါ် ၎င်းတို့အနေဖြင့် ဘာသာပြန်ဆိုရာတွင် “During my time, there isn’t a new, another contract. According to my knowledge,.... Myanmar Government’s procurement from your country never involve in Rakhine issue.” ဆိုသည့် ပြောကြားချက်အား “there isn’t a new, another contract” ဆိုသည့်နေရာတွင် “there is a new, another contract” ဟု ထင်မြင်ခဲ့ပြီး ယင်းအဓိပ္ပာယ်အတိုင်း လွဲမှားစွာ ထုတ်လွှင့်ဖော်ပြခဲ့ရာ အခြားသတင်းမီဒီယာ အချို့ကလည်း မူလထုတ်လွှင့်သည့် GLZ ရေဒီယို၏ ဟီးဘရူးဘာသာပြန်ဆို တင်ဆက်စဉ် လွဲမှားနေသည့် ယင်းစာသားကို ရည်ညွှန်းကူးယူ ဖော်ပြလျက် သတင်းအဖြစ် ထပ်ဆင့်ဖော်ပြမှုများ ရှိလာခဲ့ကြောင်း၊ သို့ရာတွင် ယင်းအသံဖိုင် မှတ်တမ်းကို နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းတွင်မှ လက်ခံရရှိခဲ့ပြီး ယင်းနေ့တွင်ပင် ပြန်လည်နားထောင် ဆန်းစစ်ခဲ့ရာမှ ယခုလွဲမှားမှုကို အဖြေရှာနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံကို လွန်ခဲ့သည့် လအတန်ကြာကတည်းက လက်နက်တင်ပို့ရောင်းချမှု မရှိတော့ကြောင်း အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံမတ်ကြီး  ဦးမောင်မောင်လင်းက ရေဒီယိုအင်တာဗျူး၌ ဖြေကြားခဲ့သည့် လက်နက်တင်ပို့ရောင်းချမှုနှင့် ပတ်သက်သည့် ပြောကြားချက်များကို ရုပ်သိမ်းခဲ့ပြီး တောင်းပန်ခဲ့သည်ဟု အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေမှူးချုပ် Gilad Cohen က ပြောကြားသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍လည်း မြန်မာသံရုံး၏ ရှင်းလင်းချက်တွင် အဆိုပါ အသံဖိုင်မှတ်တမ်း မရရှိမီ အချိန်၌ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ်ကြီးအပေါ် ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ သံအမတ်ကြီးက မိမိအနေဖြင့် ယခင်ရှိခဲ့သည့် လက်နက်ရောင်းဝယ်မှုများကိုသာ ဖြေကြားခဲ့ခြင်းဖြစ်ပြီး သံအမတ်ကြီး တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်နှင့် ခြောက်လ သက်တမ်းအတွင်း မည်သည့်လက်နက် ရောင်းဝယ်မှုမျှ မရှိခဲ့ကြောင်းကို ဖြေကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ယခင်ရှိခဲ့ပြီးဖြစ်သည့် လက်နက်ရောင်းဝယ်မှုဆိုင်ရာများနှင့် ပတ်သက်၍ သံအမတ်ကြီး အနေဖြင့် မှတ်ချက်ပြု ဖြေကြားခဲ့မှုအပေါ် အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနဘက်မှ ထောက်ပြပြောဆိုသည်ဟု ယူဆ၍ လက်နက်ရောင်းဝယ်မှုနှင့် ပတ်သက်သည့် မိမိ၏ ဖြေကြားခဲ့မှုအပေါ် တောင်းပန်ခဲ့ပြီး ၎င်းမှတ်ချက်အား ပြန်လည်ရုပ်သိမ်း သွားမည်ဖြစ်ကြောင်း သဘောတူခဲ့ခြင်းသာ ဖြစ်ကြောင်း ရေးသားထားသည်။

အသေးစိတ် ပြန်လည်စိစစ်ချက်အရ  အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနဘက်မှ ထောက်ပြပြောဆိုခြင်းသည် လတ်တလောကာလအတွင်း လက်နက်ရောင်းဝယ်ရေး စာချုပ်အသစ် ချုပ်ဆိုခဲ့ခြင်းအပေါ် ဖြစ်သကဲ့သို့ ယခုနှစ် အောက်တိုဘာလအတွင်း အစ္စရေး တရားရုံးချုပ်မှ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချရေးနှင့် ပတ်သက်၍ ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သို့မဟုတ် ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်အား အများပြည်သူသို့ ချပြခြင်းမပြုရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သော အနေအထားတွင် ယခုကဲ့သို့ လက်နက်ရောင်းဝယ်ရေး စာချုပ်အသစ် ချုပ်ဆိုခဲ့သည်ဟု သံအမတ်ကြီး ကိုယ်တိုင် ဖြေကြားခဲ့မှုသည် အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနအတွက် ပြဿနာရှိမှုအရ ၎င်းမှတ်ချက်ကို ပြန်လည်ရုပ်သိမ်း စေလိုခြင်းဖြစ်ကြောင်း သိရှိခဲ့ရကြောင်း မြန်မာသံရုံးက ရှင်းလင်းသည်။

ထို့ပြင် မေးမြန်းသူကလည်း သံအမတ်ကြီး၏ ဖြေကြားချက်အပေါ် ပြောင်းပြန်သဘော သက်ရောက်သည့် ဘာသာပြန်ဆိုမှုသည် ၎င်းအနေဖြင့် မရည်ရွယ်ဘဲ ဖြစ်ပေါ်ခဲ့သည့် အမှားဖြစ်ကြောင်း၊ ယင်းမှားယွင်းမှုမှ တစ်ဆင့် အခြားမီဒီယာများသို့ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပြီး ၎င်းအနေဖြင့် ယင်းအခြေအနေကို ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သဘောတူခဲ့ပါကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ရှင်းလင်းဖော်ပြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ အတွင်းက အစ္စရေးနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း အစ္စရေးနိုင်ငံသမ္မတ၊ ကာကွယ်ရေးဝန်ကြီး၊ အစ္စရေးတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ စစ်ရေယာဉ်အချို့ ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း The Times of Israel သတင်း၌ နိုဝင်ဘာ ၃၀ ရက်က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသို့ အစ္စရေးနိုင်ငံမှ လက်နက်တင်ပို့ရောင်းချနေမှုနှင့် ပတ်သက်ပြီး ဗြိတိန်အွန်လိုင်းသတင်းစာ Independent ကလည်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အများအပြား၏ စုံစမ်းဖော်ထုတ်မှုအရ အစ္စရေး လက်နက်ကုမ္ပဏီများသည် ပြီးခဲ့သည့်နှစ်များ အတွင်းက မြန်မာအစိုးရသို့ နယ်စပ်တွင်အသုံးပြုရန် တင့်ကား ၁၀၀ ကျော်၊ စစ်ရေယာဉ်များနှင့် အပေါ့စား လက်နက်များကို ရောင်းချခဲ့ကြောင်း ဖော်ပြခဲ့သည်။

အထူးသဖြင့် အဆိုပါ အစ္စရေးလက်နက် ကုမ္ပဏီများအနက် စစ်ဘက်နှင့် ရဲတပ်ဖွဲ့သုံး လက်နက်ပစ္စည်းများ ရောင်းချခြင်းနှင့် သင်တန်းပေးခြင်းများ ပြုလုပ်သည့် TAR Ideal Concepts ကုမ္ပဏီသည် ပဋိပက္ခများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော် အထူးတပ်ဖွဲ့ဝင်များကို သင်တန်းပေးခြင်းများ ပေးနေကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် Aljazeera သတင်းဌာန၏ စက်တင်ဘာ ၁၆ ရက် သတင်းဖော်ပြမှုတွင်လည်း မြန်မာနိုင်ငံသို့ လက်နက်ရောင်းချသည့် နိုင်ငံများထဲတွင် အစ္စရေးနိုင်ငံပါဝင်ပြီး မြန်မာ့တပ်မတော်သို့ သံချပ်ကာကားများ၊ အမြောက်များ ရောင်းချထားသည်ဟု ဖော်ပြထားသည်။

အလားတူ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့က ဘင်္ဂါလီမွတ်စလင် (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) အရေးနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်းငံ့လိုက်သော်လည်း သြစတြေးလျ အနေဖြင့်မူ ပိတ်ပင်ရန်အတွက် အစီအစဉ်မရှိကြောင်း www.huffington-post.com.au ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ အောက်တိုဘာ ၁၆ ရက်တွင် ဥရောပနိုင်ငံခြားရေး ဝန်ကြီးများက မြန်မာ့ထိပ်တန်း တပ်မတော် ခေါင်းဆောင်များကို လာရောက်ရန် ဖိတ်ကြားခြင်းများအား ဆိုင်းငံ့ထားရန် သဘောတူခဲ့ကြသည်။            ကျော်ဇင်ဝင်း

Most Read

Most Recent