ချင်းပြည်နယ်အစိုးရ အနေဖြင့် AA လက်နက်ကိုင်အဖွဲ့ ရပ်တည်မှုနှင့် ပတ်သက်၍ မှတ်ချက်ပေးစရာ မရှိသော်လည်း ပလက်ဝတိုက်ပွဲ ဖြစ်ပွားနေရခြင်းမှာ မြို့နယ်အတွင်း ဝင်ရောက်လှုပ်ရှားမှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ဟုဆို

ချင်းပြည်နယ်အစိုးရ အနေဖြင့် AA လက်နက်ကိုင်အဖွဲ့ ရပ်တည်မှုနှင့် ပတ်သက်၍ မှတ်ချက်ပေးစရာ မရှိသော်လည်း ပလက်ဝတိုက်ပွဲ ဖြစ်ပွားနေရခြင်းမှာ မြို့နယ်အတွင်း ဝင်ရောက်လှုပ်ရှားမှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ဟုဆို
Published 4 December 2017

ချင်းပြည်နယ် အစိုးရအနေဖြင့် AA လက်နက်ကိုင်အဖွဲ့ ရပ်တည်မှုနှင့် ပတ်သက်ပြီး  မှတ်ချက်ပေးစရာ မရှိသော်လည်း ပလက်ဝတိုက်ပွဲ ဖြစ်ပွားနေရခြင်းမှာ မြို့နယ်အတွင်း ဝင်ရောက်လှုပ်ရှားမှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်က ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားသည်။

တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့သည် နိုဝင်ဘာလဆန်းပိုင်းမှစ၍ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ဘေးရှောင် ပြည်သူ ၃၅၀ ဝန်းကျင်ကိုလည်း ပလက်ဝမြို့နယ်အတွင်းက ချင်းလက်ဝရွာတွင် စီစဉ်ပေးထားကာ ၎င်းတို့အတွက် လိုအပ်သည့် ရိက္ခာ၊ ဆန်နှင့် အဝတ်အထည်တို့ကို ချင်းပြည်နယ်အစိုးရအဖွဲ့ အပါအဝင် ဝေဠုကျော်ဖောင်ဒေးရှင်း၊ ရန်ကုန်အခြေစိုက် ပရဟိတ အဖွဲ့အစည်းများ၊ နယ်ဝေးမှ ချင်းလူမျိုးများ၊ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုလွှတ်တော်ရှိ ချင်းလူမျိုး လွှတ်တော် ကိုယ်စားလှယ်များက လှူဒါန်းနေကြောင်း၊ အရပ်သားလေးဦး သေဆုံးရခြင်းနှင့် လေးဦးထိခိုက်ဒဏ်ရာ ရခြင်းတို့ ဖြစ်ပွားခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်က “ကျွန်တော်တို့ ချင်းပြည်နယ် အစိုးရအနေနဲ့ AA ရဲ့ သူ့ရဲ့ဖွဲ့စည်းမှု၊ သူ့ရဲ့ရည်ရွယ်ချက်၊ သူလုပ်နေတဲ့ကိစ္စ၊ တော်လှန်ရေး လုပ်နေတဲ့ကိစ္စ ကျွန်တော်တို့ ဒါတွေကို မှတ်ချက်ပေးစရာ မရှိပါဘူး။ သို့သော်လည်းပဲ ပလက်ဝမြို့နယ် အတွင်းမှာ ဝင်ရောက်လှုပ်ရှားတဲ့ အတွက်ကြောင့်မို့လို့ အခုလို တိုက်ပွဲတွေ ဖြစ်လာတယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်၍ ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူ ၃၅၀ ဝန်းကျင်ရှိနေပြီး စားသောက်ရေး အခက်အခဲ ဖြစ်နေကြောင်း၊ ကူညီပေးသူများ အနေဖြင့်လည်း ယင်းဒေသသို့ သွားရောက်ကူညီရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။

အိန္ဒိယဘက်ကို ရောက်ရှိနေသော စစ်ဘေးရှောင် ပြည်သူများမှာ ၁၅၀၀ ကျော်ရှိကြောင်း မီဒီယာအချို့တွင် ဖော်ပြထားသော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်အား မေးမြန်ရာ အတည်မပြု နိုင်သေးကြောင်း ပြောကြားသည်။

ချင်းအမျိုးသားတပ်ဦး (CNF) က နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ၈ (ဂ)တွင် ‘ချင်းပြည်နယ် အတွင်း မြန်မာ့တပ်မတော်၊ အစိုးရလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ချင်းအမျိုးသား တပ်မတော်တို့သာ နေရာချထားခွင့်ပြုရန် သဘောတူသည်’ ဟူ၍ အတိအလင်း ဖော်ပြထားကြောင်း ရေးသားထားသည်။

ပြည်သူလူထု၏ ဘဝလုံခြုံရေးနှင့် အရပ်သားများ ကာကွယ်ပေးခြင်းကို မည်သည့်အခြေအနေတွင်မဆို မြန်မာ့တပ်မတော်နှင့့်် AA အဖွဲ့တို့  အပြည့်အ၀ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အသိပေးအပ်သည်ဟု ဖော်ပြပါရှိသည်။

Most Read

Most Recent