မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှုမရှိသည်မှာ လချီကြာနေပြီဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှုမရှိသည်မှာ လချီကြာနေပြီဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 2 December 2017

မြန်မာနိုင်ငံကို လွန်ခဲ့သည့် လအတန်ကြာကတည်းက လက်နက်တင်ပို့ရောင်းချမှု မရှိတော့ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု The Times of Israle သတင်းဌာနက ဖော်ပြခဲ့သည်။

The Times of Israle သတင်းတွင် ဖော်ပြမှုအရ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှု၌ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှု မရှိသည်မှာ လချီကြာနေပြီဖြစ်ကြောင်း ကတိပြုပြောဆိုခဲ့သော်လည်း ယင်းထုတ်ပြန်မှုတွင် လက်နက်တင်ပို့ ရောင်းချခြင်း တစ်ခုတည်းကိုသာ ရည်ညွှန်းထားပြီး စစ်ဘက်နည်းပညာနှင့် စစ်သင်တန်းပေးခြင်းတို့အပြင် လုံခြုံရေးနှင့် ဆက်စပ်သည့်ပစ္စည်းများကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုထုတ်ပြန်မှုသည် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းက အစ္စရေးတပ်မတော်ပိုင် ရေဒီယိုနှင့် အင်တာဗျူးလုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း The Times of Israle သတင်းတွင် ဖော်ပြခဲ့သည်။

အစ္စရေးတပ်မတော်ပိုင် ရေဒီယိုနှင့် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ပြုလုပ်သည့် အင်တာဗျူးတွင် မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းက အစ္စရေးနိုင်ငံအနေဖြင့် လက်ရှိအချိန်ထိ မြန်မာနိုင်ငံကို လက်နက်ရောင်းချနေဆဲ ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံကို ရောင်းချသည့် လက်နက်နှင့် စစ်ဘက်နည်းပညာများ အသုံးပြုခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အစ္စရေးအစိုးရက ကန့်သတ် ပိတ်ပင်ထားမှုမရှိကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အင်တာဗျူးနှင့် ပတ်သက်၍ မြန်မာသံအမတ်ကြီးကို အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့ပြီးနောက် သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်မေးမြန်းခဲ့ရာတွင် မြန်မာသံအမတ်ကြီး ဦးမောင်မောင်လင်းက ရေဒီယိုအင်တာဗျူး၌ ဖြေကြားခဲ့သည့် ၎င်းး၏ပြောကြားမှုများကို ရုပ်သိမ်းခဲ့ပြီး တောင်းပန်ခဲ့သည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Gilad Cohen က ပြောကြားသည်။

ထို့ပြင် မြန်မာသံအမတ်ကြီးသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း လက်နက် တင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ အလားတူ ပြောဆိုမှုများ ပြုလုပ်ခဲ့သေးသည့်အတွက် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် သတိပေးခဲ့ကြောင်း သိရသည်။

သို့ရာတွင် အစ္စရေး လူ့အခွင့်အရေးလှုပ်ရှားသူနှင့် ရှေ့နေတစ်ဦးဖြစ်သူ Eitay Mack ကမူ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ရှင်းလင်းမှုကို ရှုတ်ချလိုက်ပြီး ယင်းထုတ်ပြန်မှုသည် သမားရိုးကျဆန်ပြီး ရိုးရှင်းလွန်းကြောင်း၊ အစ္စရေးအစိုးရ အနေဖြင့် မြန်မာနိုင်ငံသို့ ကာကွယ်ရေးနှင့် ပတ်သက်သည့် မည်သည့် လက်နက်အမျိုးအစားမဆို တင်ပို့ရောင်းချမှု အမြဲတမ်းပိတ်ပင်သင့်ကြောင်း The Times of Israle သတင်းဌာနသို့ ပြောကြားသည်။

အစ္စရေးတပ်မတော်ပိုင် ရေဒီယိုနှင့် အင်တာဗျူးတွင် မြန်မာသံအမတ်ကြီးက ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) မွတ်စလင်များ အစုလိုက်အပြုံ လိုက်ထွက်ပြေးကြခြင်းသည် ၎င်းးတို့နှင့် ပတ်သက်သူများသည် အကြမ်းဖက်မှုနှင့် ဆက် နွှယ်နေခြင်းကြောင့် အရေးယူခံရမည်ကို ကြောက်ရွံ့ခြင်းကြောင့်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ပိုမိုကောင်းမွန်စွာ နေထိုင်ရမည်ဟု ယုံကြည်ခြင်းကြောင့်လည်း ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာသံအမတ်ကြီးက မြန်မာ့တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ မပြုလုပ်ခဲ့ကြောင်း၊ ဘင်္ဂါလီကျေးရွာ ၂၀၀ ကျော် မီးလောင်ခြင်းမှာလည်း ဘင်္ဂါလီများက မီးရှို့ထွက်ပြေးခြင်းကြောင့် ဖြစ်သည်ဟု အင်တာဗျူးတွင် ပြောကြားခဲ့ကြောင်း The Times of Israle သတင်းတွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံ၏ ဥပဒေအရ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် အဆိုပါ လက်နက်ပစ္စည်းများကို မည်သို့သုံးစွဲမည် ဆိုသောအချက်ကို ထည့်သွင်းစဉ်းစားရမည်ဟု ပြဋ္ဌာန်းထားကြောင်းနှင့် လက်နက်ရောင်းချမှုကို အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက် ဆောင်ရွက်သော်လည်း ဆုံးဖြတ်ချက် ချမှတ်ရာတွင်မူ နိုင်ငံခြားရေးဝန်ကြီးဌာနလည်း ပါဝင်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက အစ္စရေးနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး အဆိုပါ ခရီးစဉ်အတွင်း အစ္စရေးနိုင်ငံသမ္မတ၊ ကာကွယ်ရေးဝန်ကြီး၊ အစ္စရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ စစ်ရေယာဉ်အချို့ ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း The Times of Israle သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ အစ္စရေးနိုင်ငံမှ လက်နက်တင်ပို့ ရောင်းချနေမှုနှင့် ပတ်သက်ပြီး ဗြိတိန်အွန်လိုင်းသတင်းစာ Independent ကလည်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အများအပြား၏ စုံစမ်းဖော်ထုတ်မှုအရ အစ္စရေးလက်နက်ကုမ္ပဏီများသည် ပြီးခဲ့သည့်နှစ်များအတွင်းက မြန်မာအစိုးရသို့ နယ်စပ်တွင် အသုံးပြုရန် တင့်ကား ၁၀၀ ကျော်၊ စစ်ရေယာဉ်များနှင့် အပေါ့စား လက်နက်များကို ရောင်းချခဲ့ကြောင်း ဖော်ပြခဲ့သည်။

အထူးသဖြင့် အဆိုပါ အစ္စရေးလက်နက် ကုမ္ပဏီများအနက် စစ်ဘက်နှင့် ရဲတပ်ဖွဲ့သုံး လက်နက်ပစ္စည်းများ ရောင်းချခြင်းနှင့် သင်တန်းပေးခြင်းများ ပြုလုပ်သည့် TAR Ideal Concept ကုမ္ပဏီသည် ပဋိပက္ခများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန် မာ့တပ်မတော် အထူးတပ်ဖွဲ့ဝင်များကို သင်တန်းပေးခြင်းများ ပြုလုပ်ပေးနေကြောင်းလည်း ဖော်ပြခဲ့သည်။

ထို့ပြင် Aljazeera သတင်းဌာန၏ စက်တင်ဘာ ၁၆ ရက် သတင်းဖော်ပြမှုတွင်လည်း မြန်မာနိုင်ငံသို့ လက်နက်ရောင်းချသည့် နိုင်ငံများထဲတွင် အစ္စရေးနိုင်ငံ ပါဝင်ပြီး မြန်မာ့တပ်မတော်သို့ သံချပ်ကာကားများ၊ အမြောက်များ ရောင်းချထားသည်ဟု ဖော်ပြထားသည်။

အလားတူ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့က ဘင်္ဂါလီမွတ်စလင် (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) အရေးနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံနှင့် စစ်ရေးပူးပေါင်း ဆောင်ရွက်မှု ဆိုင်းငံ့လိုက်သော်လည်း သြစတြေးလျအနေဖြင့်မူ ပိတ်ပင်ရန်အတွက် အစီအစဉ် မရှိကြောင်း www.huffingtonpost.com.au ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။

တပ်မတော်နှင့် ကာကွယ်ရေး ထိတွေ့ဆက်ဆံမှု ဆက်လက်ရှိနေမည် ဖြစ်သော်လည်း လက်ရှိနှင့် စီစဉ်ထားသည့် ကာကွယ်ရေးလှုပ်ရှားမှု ကိစ္စရပ်များကို အကြောင်းအရာ တစ်ခုစီပေါ်အခြေခံပြီး ပြန်လည်သုံးသပ် သွားမည်ဖြစ်ကြောင်း သြစတြေးလျကာကွယ် ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

ရခိုင်ပြည်နယ်ရှိ လူမျိုးစု အကြမ်းဖက်မှုများကြောင့် မြန်မာ့တပ်မတော် ပညာရေးဆိုင်ရာ လေ့ကျင့်ရေးသင်တန်းများအား ရပ်ဆိုင်းခဲ့ကြောင်း ဗြိတိန်က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၆ ရက်တွင် ဥရောပနိုင်ငံခြားရေးဝန်ကြီးများက မြန်မာ့ထိပ်တန်း တပ်မတော်ခေါင်းဆောင်များကို လာရောက်ရန် ဖိတ်ကြားခြင်းများအား ဆိုင်းငံ့ထားရန် သဘောတူခဲ့ကြသည်။

ဥရောပသမဂ္ဂက လက်နက်များသာမက ပြည်တွင်းတွင် ဖိနှိပ်မှုများ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည့် ကိရိယာတန်ဆာပလာများကိုလည်း မြန်မာနိုင်ငံသို့ ရောင်းချခြင်း ဆက်လက် ပိတ်ပင်သွားမည်ဟု ပြောကြားခဲ့သည်။

လူများ အလုံးအရင်းဖြင့် ထွက်ပြေးရမှုကိုဖြစ်စေသည့် ဘင်္ဂါလီမွတ်စလင်များအပေါ် အကြမ်းဖက်မှုတွင် ပါဝင်သည့် မြန်မာတပ်ဖွဲ့များနှင့် အရာရှိများကို စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ ပေးခြင်းမှ ရုပ်သိမ်းမည်ဟု အမေရိကန်က အောက်တိုဘာ ၂၃ ရက် တွင် ကြေညာခဲ့သည်။

အမေရိကန်သည် မြန်မာတပ်မတော်နှင့် နဂိုကတည်းက ဆက်ဆံရေး ကန့်သတ်မှုများ ရှိထားနှင့်ပြီး ဖြစ်သည့်အပြင် စစ်ဘက်ဆိုင်ရာ ရောင်းဝယ်မှုအားလုံးကို ကာလရှည် ပိတ်ပင်ထားသည်။

ARSA ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်း လင်းရေးဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်ဦးရေ သည် ခြောက်သိန်းကျော်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

Most Read

Most Recent