တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တရုတ်နိုင်ငံသို့ သွားရောက်

တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တရုတ်နိုင်ငံသို့ သွားရောက်
Published 30 November 2017

တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် နိုဝင်ဘာ ၂၉ ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ခရီးစဉ်အား တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင်ပင်း၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အဖွဲ့တွင် ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးနိုင်နှင့် ဗဟိုကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့်တို့ လိုက်ပါသွားကြောင်း ဒေါက်တာနန္ဒာလှမြင့်၏ Facebook စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။

ယင်းခရီးစဉ်နှင့် ပတ်သက်၍ ဒေါက်တာ နန္ဒာလှမြင့်ထံ ဆက်သွယ်ခဲ့သော်လည်း ၎င်းတို့ စီးနင်းလိုက်ပါမည့် လေယာဉ်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဖုန်းပြော၍မရကြောင်း ဖြေကြားသဖြင့် မေးမြန်းနိုင်ခဲ့ခြင်း မရှိပေ။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအား ယင်းထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း ရှိ/မရှိ မေးမြန်းနိုင်ရန် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက ပါတီဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်းထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဆောင်ခြင်း မရှိ၍ အတည်ပြုနိုင်ခြင်း မရှိပေ။

“ကျွန်တော် သိသလောက်ကတော့ မဖိတ်ဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဖိတ်တာ။ ဒေါ်အောင်ဆန်းစုကြည်က ပါတီခေါင်းဆောင်အနေနဲ့ပဲ သွားလိမ့်မယ်ထင်တယ်။ ကျွန်တော်တို့က တချို့ဟာတွေက နေပြည်တော်ကိစ္စတွေက မသိဘူးဗျ။ သေချာတာကတော့ ပါတီခေါင်းဆောင်အနေနဲ့ပဲ သွားမှာပါပဲ။ သူတို့ ပါတီခေါင်းဆောင်ပဲ ဖိတ်တာပါ။ ကျွန်တော် နားလည်တာကတော့လေ။ သို့ သော်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်သူပါမယ်။ မပါဘူး သိပ်မသိဘူး။ အဲဒါလည်း ကျွန်တော် သိပ်မသိဘူး။ နေပြည်တော်က ဟာတွေကျတော့ ကျွန်တော်တို့က သိပ်မသိဘူးဗျ။ သီးခြားလို ဖြစ်နေတာကို”ဟု ပါတီဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေး ပါတီများအကြား အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ရန်နှင့် နှစ်နိုင်ငံချစ်ကြည်ရေး မြှင့်တင်ရန် တရုတ်နိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ ချစ်ကြည်ရေးခရီးစဉ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရက ဖိတ်ကြားခြင်းဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများအကြား အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မကြာမီကာလအတွင်း ကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မည်သည့်ရက်တွင် တရုတ်နိုင်ငံသို့ စတင်သွားရောက်မည်ကို မဖော်ပြထားပေ။

ယင်းအဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး နိုင်ငံပေါင်း ၁၂၀ မှ ပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်း ၂၀၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်ရန် စာရင်းပေးသွင်းထားကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

သို့ဖြစ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ မည်သည့်ရက်တွင် သွားရောက်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား မေးမြန်းခဲ့ရာ ခရီးစဉ်သတင်းအား ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းသာ ဖြေကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီတွင် ဥက္ကဋ္ဌအဖြစ် ဆက်လက် ရပ်တည်လျက်ရှိသော်လည်း  ပြည်ထောင်စုဝန်ကြီး တာဝန်များအား ထမ်းဆောင်နေသောကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ပါတီမှ ကျင်းပသည့် အခမ်းအနားများသို့ တက်ရောက်ခြင်း မရှိသည်ကို တွေ့ရသည်။

Most Read

Most Recent