တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တရုတ်နိုင်ငံ ခရီးစဉ်သည် ထူးခြားအောင်မြင်သည့် ခရီးစဉ်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် တရုတ်သမ္မတ ပြောကြား

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တရုတ်နိုင်ငံ ခရီးစဉ်သည် ထူးခြားအောင်မြင်သည့် ခရီးစဉ်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် တရုတ်သမ္မတ ပြောကြား
Published 25 November 2017

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping တို့ နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးရှိ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တရုတ်နိုင်ငံ ခရီးစဉ်သည် ထူးခြားအောင်မြင်သည့် ခရီးစဉ်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် တရုတ်သမ္မတ Mr. Xi Jinping က ပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ Mr. Xi Jinping နှင့် နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးရှိ ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ယခုခရီးစဉ်သည် ထူးခြားအောင်မြင်သည့် ခရီးစဉ်ဖြစ်ကြောင်း တရုတ်သမ္မတ Mr. Xi Jinping က ပြောကြားပြီး (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ၂၀၅၀ ပြည့်နှစ်အထိ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒလမ်းစဉ်များချ မှတ်နိုင်မှု အခြေအနေ၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်ဆက်ဆံရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ မျက်နှာစာတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည် ထောက်ခံပေးခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်တင့်ဆန်းတို့ တက်ရောက်ကြပြီး တရုတ်နိုင်ငံသမ္မတနှင့်အတူ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen.Li Zuocheng နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen.Li Zuocheng ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၂၁ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါနေ့တွင် တရုတ်နိုင်ငံရှိ Three Gorges Dam သို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

ထို့ပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen.Li Zuocheng အား နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ရှိ Ba Yi ခန်းမဆောင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ပြီးနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen.Li Zuocheng တို့သည် တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ နှင့် အားကစားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၂၃ ရက်တွင်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Lt.Gen.Xu Qiliang တို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်မှုကိစ္စရပ်များတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ၊ မူဝါဒလမ်းစဉ်များ ချမှတ်နိုင်ခဲ့မှုနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် တင့်ဆန်းတို့ လိုက်ပါပြီး နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် Beijing ပြတိုက်သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် Beijing ပြတိုက်အတွင်းရှိ သမ္မတ Mr. Xi Jinping ၏ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် ငါးနှစ်စီမံကိန်း ကာလအတွင်းရရှိခဲ့သည့် အောင်မြင်မှုပြခန်းများအား လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။

Most Read

Most Recent