အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အသစ်တွင် ဥက္ကဋ္ဌအဖြစ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည် အပါအဝင် အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော် သဘောတူ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အသစ်တွင် ဥက္ကဋ္ဌအဖြစ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည် အပါအဝင် အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော် သဘောတူ
Published 24 November 2017

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အသစ်တွင် ဥက္ကဋ္ဌအဖြစ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည်၊ အတွင်းရေးမှူးအဖြစ် တရားလွှတ်တော်ရှေ့နေ၊ ဥပဒေအတိုင်ပင်ခံ ဦးစန်းဝင်း အပါအဝင် အဖွဲ့ဝင် ၁၂ ဦးဖြင့် ခန့်အပ် တာဝန်ပေးရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားမှုအပေါ် ကန့်ကွက်မည့် ကိုယ်စားလှယ်မရှိသည့်အတွက် လွှတ်တော်က နိုဝင် ဘာ ၂၃ ရက်တွင် သဘောတူခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဒုတိယသက်တမ်း ကာလတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အသစ်ကို ဖွဲ့စည်းခန့်အပ်တာ ဝန်ပေးနိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ (၇) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှု ရယူပေးနိုင်ရန်အတွက် နိုင်ငံတော်သမ္မတထံက လွှတ်တော်သို့ သဝဏ်လွှာပေးပို့ထားခြင်း ဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အသစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး (ငြိမ်း) ဦးအောင်ကြည်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး (ငြိမ်း) အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးစိုးတင့်၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးအောင်လွင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ Notary Public တရားလွှတ်တော်ရှေ့နေ ဦးဟန်ညွန့်၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး (ငြိမ်း)၊ တရားလွှတ်တော်ရှေ့နေ ဦးအောင်သန်းမြင့်၊ ပြည်ထောင်စုလွှတ်တော်ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး (ငြိမ်း)၊ တရားလွှတ်တော်ရှေ့နေ၊ ဥပဒေအတိုင်ပင်ခံ ဦးစန်းဝင်း၊ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်၊ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြင့်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါ်အေးအေးမူ၊ ရဲချုပ် (ငြိမ်း) ဦးဇော်ဝင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်လဲ့လဲ့သွင် တို့ တာဝန်ယူ ဆောင်ရွက်ကြမည် ဖြစ်သည်။

“ထိထိရောက်ရောက် လုပ်ဖို့တော့ လိုတယ်လေ။ အရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုရော ဖျက်ပြီးပြီလား ဆိုတာ သတိပြုဖို့ လိုပါတယ်။ တော်ကြာ ဒီနေ့ဆိုရင် ကော်မရှင်နှစ်ခု ဖြစ်နေဦးမယ်။ အရင်ဟာ ဖျက်ရမယ်လေ”ဟု ကယားပြည်နယ်မဲ ဆန္ဒနယ်အမှတ်(၉) မှ သမ္မတရုံးဝန်ကြီးဟောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက မီဒီယာများကို ပြောကြားသည်။

ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသစ်ဖွဲ့ခြင်းနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က မည်သူ့ကိုပဲ တာဝန်ပေးသည်ဖြစ်စေ အဓိကအနေဖြင့် ကော်မရှင်မှာ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ်ဖြင့် ထိထိရောက်ရောက် တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

Most Recent