ရဲတပ်ဖွဲ့ဝင် လေးဦးကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကန့်ကွက်စာ ပေးပို့

ရဲတပ်ဖွဲ့ဝင် လေးဦးကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကန့်ကွက်စာ ပေးပို့
Published 7 November 2017

ရဲတပ်ဖွဲ့ဝင် လေးဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

မောင်တောမြို့နယ် နယ်စပ်မှတ်တိုင် ၄၅ နှင့် ၄၆ အကြား၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေပြီး နယ်စပ်ခြံစည်းရိုးများအား လိုက်လံစစ်ဆေးနေသည့် ရဲတပ်ဖွဲ့ဝင် လေးဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အရှေ့တောင်ပိုင်းတိုင်းဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဒေသကွပ်ကဲရေးမှူးထံ ကန့်ကွက်ကြောင်း အကြောင်းကြားစာကို နိုဝင်ဘာ ၆ ရက် ရက်စွဲဖြင့် ပေးပို့ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၅ ရက် မြန်မာစံတော်ချိန် ၅ နာရီ ၄၅ မိနစ်တွင် နယ်စပ်မှတ်တိုင် ၄၅ ကင်းစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက နယ်စပ်ခြံစည်းရိုးများအား လိုက်လံစစ်ဆေးနေစဉ် မိုင်တိုင် ၄၅ နှင့် ၄၆ အကြား အရောက်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ကိုက် ၁၀၀ အကွာခန့်ရှိ တောင်ကုန်းတစ်ခုပေါ်မှ လက်နက်ငယ်များဖြင့် အချက် ၂၀၊ ၃၀ ခန့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် အခြမ်းမှ လက်နက်ကိုင် အဖွဲ့အစည်းများက ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရှိပြီးသား နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အချင်းချင်း ရေရှည်ဆက်ဆံရေး ထိခိုက်စေနိုင်သည့်အပြင် နိုင်ငံတကာ၏ ပြယုဂ်အတွက်လည်း မကောင်းနိုင်ကြောင်း၊ သို့ဖြစ်၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ရှေးရှု၍ လည်းကောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် အချင်းချင်း ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ လည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မိမိတို့ တပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သော လက်နက်ကိုင်များအား စိစစ်ဖော်ထုတ် ပေးနိုင်ရန်နှင့် အပြန်အလှန် သတင်းဖလှယ်၍ ပြန်ကြားပေးနိုင်ရန် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent