အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် စာတမ်းများ တင်သွင်းနိုင်ခြင်း မရှိခဲ့သော်လည်း တတိယအကြိမ် အစည်းအဝေးတွင် တင်သွင်းမည်

အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် စာတမ်းများ တင်သွင်းနိုင်ခြင်း မရှိခဲ့သော်လည်း တတိယအကြိမ် အစည်းအဝေးတွင် တင်သွင်းမည်
Published 7 November 2017

အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် စာတမ်းများ တင်သွင်းနိုင်ခြင်း မရှိခဲ့သော်လည်း တတိယအကြိမ် အစည်းအဝေးတွင်မူ မဖြစ်မနေ တင်သွင်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးတွင် အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် စာတမ်းများ တင်သွင်းရန် ဆုံးဖြတ်ချက်များ ချမှတ်ထားပြီး လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စာတမ်းများ ထွက်ရှိလာနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ဒုတိယအကြိမ် အရပ်ဘက် အဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးဌေးက ပြောကြားသည်။

“ကျွန်တော်တို့ဘက်က အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အနေနဲ့ ဒီတစ်ကြိမ်မှာတော့ စာတမ်းတွေ ထွက်လာအောင် တင်သွင်းသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ရှိထားတာပေါ့။ ရှိထားတဲ့ အပေါ်မှာတော့ ဆုံးဖြတ်ချက်တွေနဲ့အညီ စာတမ်းတွေ တင်သွင်းနိုင်အောင် ကျွန်တော်တို့ဘက်က ပြင်ဆင်ဆောင်ရွက်နေတာတွေ ရှိတယ်။ နောက်တစ်ခုက တိုင်းနဲ့ပြည်နယ်တွေအလိုက် စာတမ်းတွေ ထွက်လာနိုင်အောင်လည်း ဒီဘက်မှာ ကြိုးပမ်းနေတာတွေ ရှိပါတယ်။ ဆိုတော့ ဒီတစ်ကြိမ်မှာတော့ မဖြစ်မနေ စာတမ်းတွေ တင်သွင်းမယ်ဆိုတဲ့ သဘော သက်ရောက်တာပေါ့။ တချို့ တိုင်းနဲ့ပြည်နယ်တွေမှာ ပြင်ဆင်ထားတာတွေ ရှိတယ်။ တချို့ တိုင်းနဲ့ပြည်နယ်တွေမှာတော့ မရှိသေးဘူး။ ဒါပေမဲ့ အဲဒီ ပြင်ဆင်ထားတဲ့ စာတမ်းတွေ အပေါ်မှာ ဥပမာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေအောက်က ဘာတွေ တင်သွင်းမလဲ UPDJC က ချထားတဲ့ ခေါင်းစဉ်သုံးခုအောက်က ဘာတွေ တင်သွင်းမလဲ။ တခြားဟာတွေဆိုရင် အဲဒီ ခေါင်းစဉ်အောက်မှာ မရှိတဲ့ စာတမ်းတွေဆိုရင် တခြား ဘယ်လမ်းကြောင်းက တင်သွင်းမလဲ ဆိုတာတွေ ဒီအစည်းအဝေးမှာ ဆုံးဖြတ်ရမှာပေါ့။ တချို့ တိုင်းနဲ့ပြည်နယ်တွေက ပြင်ဆင်ထားတဲ့ စာတမ်းတွေကို တခြားတိုင်းနဲ့ပြည်နယ် ၁၄ ခုက အတည်ပြုပေးလိုက်တယ်ဆိုရင် ကျွန်တော်တို့က အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ စာတမ်းအဖြစ် တတိယအကြိမ် ပင်လုံမှာ တင်သွင်းသွားမယ်” ဟု ဦးစိုးဌေးက ပြောကြားသည်။

ပထမအကြိမ် အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်တွင် ရှေ့ဆက်ပြုလုပ်မည့် ဖိုရမ်ပုံစံကို ဆွေးနွေးခြင်းနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း (CSO) များ အနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း အမျိုးသားရေး အသွင်အပြင် (National Building) တည်ဆောက်ရေးတို့အတွက် လိုအပ်သည့် အရာများကို CSO ရှုထောင့်မှ တင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အဆိုပါဖိုရမ်မှ ရလဒ်များအား ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေးသို့ တင်သွင်းခဲ့ခြင်း မရှိခဲ့ပေ။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စာတမ်းများ တင်သွင်းရန် ပြင်ဆင်နေကြသော်လည်း UPDJC က ချမှတ်ထားသည့် လုပ်ငန်းလမ်းညွှန် (TOR) နှင့် CSO များ အကြားတွင် ရှိသည့် TOR နှစ်ခုအကြား သဘောထား အမြင်မတူမှုများ ရှိသည့်အတွက် စာတမ်းတင်သွင်းလိုသည့် တိုင်းနှင့်ပြည်နယ်များ ရှိသကဲ့သို့ စာတမ်းမတင်သွင်းလိုသည့် တိုင်းနှင့်ပြည်နယ်များလည်း ရှိနေကြောင်း ဒုတိယအကြိမ် အရပ်ဘက် အဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မီးမီးက ပြောကြားသည်။

“ပြည်နယ်နဲ့ တိုင်းတွေမှာ မတူကြဘူး။ တချို့ကတော့ ဒီအတွက်ကို အကြိုဖိုရမ်တွေ လုပ်တယ်။ CSO ဖိုရမ်တွေ လုပ်ပြီးတော့ စာတမ်းတွေ တင်သွင်းဖို့ အဆင်သင့်ဖြစ်တဲ့သဘော ရှိတယ်။ အမီပြင်ဆင်ပြီးတော့ တင်သွင်းကြမယ် ဆိုတာမျိုးလည်း ရှိတာပေါ့။ နောက် တချို့ပြည်နယ်တွေကတော့ ဒီ CSO ဖိုရမ်ရဲ့ TOR က UPDJC က ချပေးတဲ့ဟာက လွတ်လပ်မှု မရှိဘူး။ ကိုယ်စားလှယ်တွေ အနေနဲ့လည်း တင်သွင်းခွင့် မရှိတဲ့အပြင် ကိုယ်တိုင်တင်သွင်းခွင့်လည်း မရှိဘဲနဲ့ အလုပ်အဖွဲ့တွေကိုပဲ ပို့ပေးရမယ် ဆိုတော့။ အလုပ်အဖွဲ့မှာ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမလဲ ဆိုတာမျိုး မသိရဘူး။ ဒါက လွတ်လပ်မှု မရှိတဲ့အတွက် တချို့ပြည်နယ်တွေကလည်း မတင်သွင်းဘူးဆိုတဲ့ အနေအထားတွေ ရှိတယ်။ နောက်ပြီးတော့ ပြည်နယ်နဲ့ တိုင်းတွေမှာ ဒီလို ဖြစ်နေကြတော့ အရပ်ဘက် အဖွဲ့အစည်းရဲ့ လုပ်ငန်းလမ်းညွှန်ကျတော့ ပြည်နယ်နဲ့ တိုင်းတွေရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲ လေးစားလိုက်နာရမယ် ဆိုတဲ့ဟာမျိုး ရှိတော့ တင်သွင်းမယ့် အဖွဲ့တွေကလည်း တင်သွင်းမယ်။ မတင်သွင်းတဲ့ အဖွဲ့တွေကလည်း သူတို့ရဲ့ ရပ်တည်ချက်ကို လေးစားသောအားဖြင့် သူတို့ရဲ့ သဘောထားအတိုင်းပဲ ဆိုတာမျိုးတွေ ရှိရတာပေါ့။ အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်အတွက် ဆိုပြီးတော့ UPDJC က ချပေးတဲ့ TOR ရှိတယ်။ သို့သော်လည်း ပြည်နယ်နဲ့ တိုင်းတွေ အချင်းချင်းကြားမှာတော့ ကိုယ့် CSO တွေရဲ့ TOR သီးသန့်ပဲ ရှိတယ်။ အဲဒါကြောင့် အချင်းချင်းကြားထဲမှာ ဘယ်လိုပူးပေါင်းပြီး လုပ်မလဲ ဆိုတာမျိုး၊ ဆုံးဖြတ်ချက်တွေ ဘယ်လိုချကြမလဲ ဆိုတာမျိုး၊ ဘယ်လိုရပ်တည်ချက်တွေနဲ့ သွားကြမလဲ ဆိုတာမျိုးတွေရှိတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ ဖြစ်ချင်တဲ့ TOR ရှိတယ်။ အဲဒီအတိုင်း ဖြစ်ဖို့အတွက်ကို စည်းရုံးလှုံ့ဆော်မှုတွေ လုပ်နေတာတွေ ရှိတယ်။ နောက် UPDJC က ပေးထားတဲ့ TOR အရကို တချို့ကလည်း အရပ်ဘက် အဖွဲ့အစည်းတွေမှာ မတူကွဲပြားတဲ့ အမြင်တွေ ရှိတော့ UPDJC က ပေးထားတဲ့ TOR အရကို တတ်နိုင်သလောက် တင်သွင်းသွားမယ်ဆိုတဲ့ တိုင်းနဲ့ပြည်နယ်တွေ ရှိတယ်။ တချို့ တိုင်းနဲ့ပြည်နယ်တွေမှာလည်းပဲ UPDJC ရဲ့ TOR အတိုင်းလည်း သွားမယ်။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ သီးသန့် TOR အတိုင်းလည်း သွားမယ် နှစ်ဖက် ခွထားမယ်ဆိုတဲ့ သဘော သွားကြည့်မယ် ဆိုတာမျိုးတွေ ရှိတယ်” ဟု ဒေါ်မီးမီးက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်မှ မူဝါဒ အဆိုပြုချက် စာတမ်းများ တင်သွင်းနိုင်ရန်အတွက် နိုဝင်ဘာလအတွင်း CSO ဖိုရမ် ကျင်းပရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း သိရသည်။

အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (သို့မဟုတ်) ဒုတိယအကြိမ် အရပ်ဘက် အဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေးနှင့် အကြိုဖိုရမ် ပြုလုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အရပ်ဘက် ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံသွားရန် ရှိနေပြီး အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးတွင် စာတမ်းများတင်သွင်းနိုင်ရေး အတွက်ပါ ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးတွင် တိုင်းနှင့်ပြည်နယ် ၁၄ ခု စလုံးမှ အရပ်ဘက် အဖွဲ့အစည်းများက တင်သွင်းသည့် စာတမ်းများ ပါဝင်စေလိုကြောင်း၊ သို့မှသာ အောက်ခြေပြည်သူလူထုအတွင်း ဖြစ်ပေါ်နေသည့် လိုလားချက် အသံများ၊ အခက်အခဲများ၊ နောင်အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထဲထဲဝင်ဝင် ပါလာနိုင်မည်ဟု မျှော်လင့်ကြောင်း၊ အောက်ခြေပြည်သူလူထု၏ အသံများအား ၎င်းတို့နှင့် အနီးစပ်ဆုံးတွင်ရှိသည့် အရပ်ဘက် အဖွဲ့အစည်းများ CSO များမှတစ်ဆင့် တတိယအကြိမ်ပင်လုံတွင် စာတမ်းမဖြစ်မနေ တင်သွင်းသွားမည်ဖြစ်ကြောင်း ဦးစိုးဌေးက ဆိုသည်။

အကြောင်းအရာအလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ပထမအကြိမ် အရပ်ဘက်လူ့အဖွဲ့အစည်းများဖိုရမ်) တွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝသယံဇာတ စသည့်ကဏ္ဍလေးခုအနက် လူမှုရေးကဏ္ဍမှ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍမှ ဖက်ဒရယ်စနစ်ဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်များ ကဏ္ဍမှ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးခွင့်ရရှိခဲ့သည်။

Most Read

Most Recent