မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းသင့်သည်ဟု လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က လုံခြုံရေးကောင်စီကို ပြောကြား

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းသင့်သည်ဟု လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က လုံခြုံရေးကောင်စီကို ပြောကြား
Published 4 November 2017

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးသင့်ကြောင်း နိုဝင်ဘာ ၃ ရက်တွင် လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) က ထုတ်ပြန်ကြေညာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် တိုင်းရင်းသားလူမျိုးစု ရိုဟင်ဂျာများ (ဘင်္ဂါလီ မွတ်စလင်များကို ၎င်းတို့၏ ရည်ညွှန်းဖော်ပြချက်) အပေါ် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်ခဲ့ခြင်းကို စုံစမ်းစစ်ဆေးရန် ပျက်ကွက်မှုကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ICC နှင့် အခြား တရားရုံးများ၌ တရားစွဲဆိုမှုများကို ဆက်လက်ဆောင်ရွက်နိုင်ရန် ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းရေးအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်သင့်သည်ဟုလည်း ပြောကြားထားသည်။

အကြီးအကျယ် မီးရှို့မှုများ၊ သတ်ဖြတ်မှုများ၊ မုဒိမ်းကျင့်မှုများနှင့် လုယက်ဖျက်ဆီးမှုများ ပြုလုပ်လျက် ရာနှင့်ချီသော ရွာများကို ဖျက်ဆီးကာ ဘင်္ဂါလီမွတ်စလင် ၆၀၀,၀၀၀ ကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေခဲ့သည့် သြဂုတ်လ အနှောင်းပိုင်းက စတင်ခဲ့သော လုံခြုံရေးတပ်များ၏ စစ်ဆင်ရေး ဆောင်ရွက်ချက်များကို မြန်မာအာဏာပိုင်များက ယုံကြည်စိတ်ချရသော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။ HRW ၏ ကွင်းဆင်းသုတေသနပြုမှုအရ မြန်မာတပ်မတော်သည် လူသားဆန်မှုကို ချိုးဖောက်သော ရာဇဝတ်မှုမြောက်သည့် မတရားမှုများကို ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

“မြန်မာတပ်မတော်ရဲ့ လူမျိုးစုလိုက် သုတ်သင်ရေးနဲ့ ပတ်သက်တဲ့ စစ်ဆင်ရေးက ပစ်မှတ်ထားခဲ့တဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုဟာ အပြင်းအထန် လိုအပ်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ တရားမျှတရေး တွဲဖက်ညွှန်ကြားရေးမှူး ပရမ်ပရိဆင်းက ပြောကြားခဲ့သည်။ “ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာနိုင်ငံက အနေအထားကို ICC ကို လွှဲပြောင်းသင့်ပါတယ်။ နောက်ဆက်တွဲ အကျိုးဆက်တွေ မခံရဘဲ ကြီးမားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ အနေအထားတွေကို ကိုင်တွယ်ဖို့ ICC ကို ဖန်တီးခဲ့တာပါ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာ အစိုးရသည် ဘင်္ဂါလီ မွတ်စလင်များအပေါ် စစ်ဆင်ရေးဆောင်ရွက်ခဲ့မှုကို လည်းကောင်း၊ လူသားဆန်မှုကို ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ယုံကြည် စိတ်ချရသော စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ခြင်းနှင့် တရားစွဲဆိုခြင်းအတွက် အစိုးရက ဖိအားပေးရန် အလွန်ပင် မဖြစ်နိုင်အောင် စွပ်စွဲထားသည့် မတရားမှုများနှင့် ပတ်သက်၍ အကြိမ်ကြိမ် လျစ်လျူရှုခြင်းနှင့် ပျက်ကွက်ခြင်းကို လည်းကောင်း ထောက်ခံခဲ့သည်။ သမိုင်းအရ မြန်မာနိုင်ငံမှ တရားရုံးများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ တပ်မတော်သားများကို တရားစွဲဆိုမှု အလွန်နည်းပါးခဲ့ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်သည့်အတွက် တပ်မတော်သားများကို အရေးယူမှု မည်သည့်အခါကမျှ မရှိခဲ့ပေ။ အရပ်ဘက် တရားရုံးများသည် ရာဇဝတ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တပ်မတော်သားများအပေါ် တရားစီရင်မှု မရှိသလောက် နည်းပါးခဲ့သည်။

ဧပြီလတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံအား လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရပြီး ပြင်းထန်သည့် စွပ်စွဲမှုများကြောင့် အချက်အလက် ရှာဖွေရေး မစ်ရှင်အဖွဲ့ ဖွဲ့စည်းခဲ့သည်။ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ အနေဖြင့် မတရားမှုကျူးလွန်သည့် ပုံစံများကို မှတ်တမ်းတင်မည် ဖြစ်သော်လည်း ရာဇဝတ်မှုဆိုင်ရာ အဆင့်တစ်ရပ်အထိ ကျူးလွန်ခဲ့မှုများကို စုံစမ်းစစ်ဆေးရန် အခွင့်မရှိပေ။ သို့သော် ၎င်းတို့၏ တွေ့ရှိချက်များကို အခါအားလျော်စွာ တရားစွဲဆိုမှုများ၌ အသုံးပြုနိုင်သည်။

ICC သည် နောက်ဆုံးအဆင့် တရားစွဲဆိုရန် နေရာဖြစ်ပြီး ကြီးမားလှသည့် ရာဇဝတ်မှုများ ဖြစ်ရမည့်အပြင် သက်ဆိုင်ရာနိုင်ငံ၏ အာဏာပိုင်များက တာဝန်ရှိသူများကို တရားစွဲဆိုရန် ဆန္ဒမရှိခြင်း၊ တရားစွဲဆိုနိုင်စွမ်း မရှိခြင်းနှင့် ယင်းကဲ့သို့ မကြိုးပမ်းခြင်းတို့ ပြုလုပ်မှသာ ICC က တရားစွဲဆိုရသည်။ သို့သော် ICC သက်သက်သည် ၎င်းထူထောင်စဉ်က သဘောတူညီချက်များအတိုင်း သက်ဆိုင်ရာ နိုင်ငံများက ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ တရားစီရင်နိုင်သည်။ Rome Statute ဟုခေါ်သော သဘောတူညီချက်နှင့် ပတ်သက်လျှင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေ။ ထို့ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကသာလျှင် ယင်းအနေအထားကို ဆက်လက်၍ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် ICC သို့ လွှဲပြောင်းနိုင်သည်။

လုံခြုံရေးကောင်စီတွင် လက်ရှိနိုင်ငံရေး ဝန်းကျင်အရ ICC သို့ လွှဲပြောင်းမှု ရရှိရန်မှာ ခက်ခဲလိမ့်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ အနေအထားကို တရားရုံးသို့ လွှဲပြောင်းရန် တရုတ်နှင့် ရုရှားနိုင်ငံတို့က ဆန့်ကျင်ဖွယ် ရှိသောကြောင့်ဖြစ်သည်။ ယင်းခက်ခဲသော အခင်းအကျင်းက မြန်မာနိုင်ငံတွင် ရက်စက်ကြမ်းကြုတ်မှုကို ခံခဲ့ရသူများအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးရန် အခြားအပြိုင်လမ်းကြောင်းများရှာရန် အရေးကြီးပုံကိုလည်း မီးမောင်းထိုးပြနေသည်။

ဆီးရီးယားနှင့် မြောက်ကိုရီးယား ကိစ္စများတွင် လုံခြုံရေးကောင်စီ အနေဖြင့် ရှေ့မတိုးသာသည့် အနေအထားကို ရင်ဆိုင်နေရစဉ် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတို့က လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ အချက်အလက် စုဆောင်းရန်နှင့် ယင်းရာဇဝတ်မှုများကို တရားစီရင်နိုင်ရေး ကြိုးပမ်းမှုနှင့်အတူ တရားရုံးများ၌ အခါအားလျော်စွာ တရားစွဲဆိုနိုင်ရေးအတွက် အမှုတွဲများကို ပြင်ဆင်ထားရန် အဖွဲ့သီးသီးကို ဖွဲ့စည်းခဲ့သည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ယင်းကဲ့သို့သော လမ်းကြောင်းကို စဉ်းစားသင့်သည်။

“ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အခါအားလျော်စွာ တရားစွဲဆိုရေးအတွက် မြန်မာနိုင်ငံက အဓိက ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေအပေါ် အမှုတွဲတွေ တည်ဆောက်ဖို့ရာ ခိုင်မာတဲ့ နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်” ဟု ဆင်းက ပြောကြားခဲ့သည်။ “ကျူးလွန်သူတွေကို ဖော်ထုတ်ခြင်းက မတရားတဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆိုင်ရာ ပေးဆပ်ရမှုကို မြှင့်တင်ရာမှာ အထောက်အကူပြုနိုင်ပြီး ကျူးလွန်ခံရသူတွေအတွက် ထိုက်တန်တဲ့ တရားမျှတမှုနဲ့ နီးစပ်အောင် ဆောင်ကြဉ်းပေးရာမှာလည်း အထောက်အကူ ပြုနိုင်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent