မိုက်ကယ်ကျော်မြင့်အား ဒဂုံမြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်ပြီး ၎င်းအားဦးတိုက်လျှောက်ထားသည့် ပုဒ်မ၂၁၁ အမှုမှ တရားလိုအား စစ်ဆေးမှုပြီးစီး

မိုက်ကယ်ကျော်မြင့်အား ဒဂုံမြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်ပြီး ၎င်းအားဦးတိုက်လျှောက်ထားသည့် ပုဒ်မ၂၁၁ အမှုမှ တရားလိုအား စစ်ဆေးမှုပြီးစီး
Published 1 August 2017

မြေယာကိစ္စများနှင့် ပတ်သက်၍ လာဘ်စားမှုများရှိခဲ့သည်ဟုဆိုကာ သတင်းစာရှင်းလင်းခဲ့မှုနှင့် ပတ်သက်၍ ပုဒ်မ ၆၆ (ဃ)၊ ပုဒ် မ၂၁၁ တို့ဖြင့်တရားစွဲဆိုခံရသည့် မိုက်ကယ်ကျော်မြင့်ကို သြဂုတ် ၁ ရက်တွင် ဒဂုံမြို့နယ်တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ရုံးချိန်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အပေါ် ဂုဏ်သိက္ခာကျဆင်းစေရန် မဟုတ်မမှန်စွပ်စွဲသည်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်အား ပုဒ်မ ၂၁၁ ဖြင့်တရားစွဲဆိုထားသည့်အမှုမှ တရားလိုဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွန်ကြားရေးမှူး ဦးမိုးဟိန်းကို စစ်ဆေးခဲ့ပြီး ကျန်သက်သေများကို စစ်ဆေးရန်ရုံးချိန်းအား သြဂုတ် ၈ ရက်သို့ချိန်းဆိုခဲ့ကြောင်း ဒဂုံမြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မိုက်ကယ်ကျော်မြင့်ကို ၂၁၁ နဲ့စွဲထားတဲ့အမှုက တရားလိုကို စစ်ဆေးမှုပြီးသွားပြီ။ နောက်သက်သေတွေစစ်ဆေးဖို့ ရုံးချိန်းပေးထားပါတယ်” ဟု ဒဂုံမြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုက်ကယ်ကျော်မြင့်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၁ (မမှန်စွပ်စွဲခြင်း) ဖြင့် ဒဂုံမြို့နယ်တရားရုံး၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးဦးမိုးဟိန်းက ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဇွန် ၂ ရက်က တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်း ဟစ်တိုင်အနီးတွင် ဗိုလ်ဗထူး တန်ဖိုးမျှတအိမ်ရာစီမံကိန်း အပိုင်း (၂) အကောင်အထည်ဖော်နေသည့် မြေယာကိစ္စများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးတင်ထွန်းဆိုသူက ငွေကြေးများလာဘ်ယူခဲ့သည်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု ကြေညာခဲ့ပြီးနောက်တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းမီဒီယာများအား ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မိုက်ကယ်ကျော်မြင့်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလိုပြုလုပ်၍ ဒဂုံမြို့မရဲစခန်းတွင် ပုဒ်မ ၆၆(ဃ) ဖြင့်အမှုဖွင့်ခဲ့ပြီးလက်ရှိတွင် ဒဂုံမြို့နယ်တရားရုံး၌ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မိုက်ကယ်ကျော်မြင့်မှာ မြောက်ဒဂုံမြို့မရဲစခန်းတွင် (ပ)၉၄၉/၂၀၁၇၊ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ) ဖြင့်လည်းကောင်း၊ တာမွေမြို့မရဲစခန်းတွင် ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ ဖြင့်လည်းကောင်း အမှုရင်ဆိုင်နေရကြောင်း သိရသည်။

Writer - ပြည့်ဖြိုးအောင်

Most Read

Most Recent