တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်း ပြည်သူ့လွှတ်တော်၌ တင်သွင်း
Published 21 October 2017

အောက်တိုဘာ ၂၀ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကြမ်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီက အောက်တိုဘာ ၂၀ ရက်က ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ထိန်းသိမ်းစီမံ ခန့်ခွဲရန်၊ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးထားသည့် မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း (CITES) နှင့် အခြားနိုင်ငံတကာ သဘောတူညီချက်များနှင့် လိုက်လျောညီထွေ ဖြစ်စေရန်နှင့် ထိန်းသိမ်းသင့်သော သဘာဝနယ်မြေများ၊ တိရစ္ဆာန်များနှင့် သက်ဆိုင်ရာနယ်မြေများ၏ လူမှုစီးပွားရေး ဘဝကို မျှတစေရန်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

ဥပဒေကြမ်းတွင် လိုင်စင် မရရှိဘဲ အမဲလိုက်ခြင်း၊ အမဲလိုက်ခွင့် စည်းကမ်းချက် တစ်ရပ်ရပ်ကို ချိုးဖောက်ခြင်း၊ မျိုးသုဉ်းမည့် အန္တရာယ် ရှိသဖြင့် ကာကွယ်ထိန်းချုပ်သည့် တောရိုင်းတိရစ္ဆာန်ကို ခွင့်ပြုချက် မရှိဘဲ စီးပွားရေး အလို့ငှာ မွေးမြူခြင်း၊ သဘာဝနယ်မြေအတွင်း ရေထု၊ လေထုကို တမင်ညစ်ညမ်းစေခြင်း၊ ရေစီးရေလာ ပျက်စီးခြင်း သို့မဟုတ် ရေတွင် အဆိပ်ခတ်ခြင်း၊ လျှပ်စစ်ဓာတ်အားကို ဖြတ်စီးစေခြင်းနှင့် ဓာတုဗေဒပစ္စည်း သို့မဟုတ် ပေါက်ကွဲစေတတ်သော အရာများ အသုံးပြုခြင်း၊ သဘာဝနယ်မြေအတွင်း အဆိပ်အတောက် ဖြစ်စေသော ပစ္စည်းကို ဖြစ်စေ၊ ဓာတ်သတ္တု အညစ်အကြေးကို ဖြစ်စေ လက်ဝယ်ထားခြင်း သို့မဟုတ် စွန့်ပစ်ခြင်း၊ တိရစ္ဆာန် ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ်ကို လုပ်ငန်းလိုင်စင် မရှိဘဲ တည်ထောင်လုပ်ကိုင်ခြင်း၊ မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်း၏ စီမံအုပ်ချုပ်မှု အခွင့်ရ ပုဂ္ဂိုလ်ကဖြစ်စေ တာဝန်ပေးအပ်ခြင်းခံရသူက ဖြစ်စေ ထုတ်ပေးသော စာရွက်စာတမ်း၊ အမှတ်အသား၊ အချက်အလက်နှင့် ကိန်းဂဏန်းများကို မသမာသောနည်းဖြင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် အတုအပ ပြုလုပ်ခြင်း၊ ကူးသန်းရောင်းဝယ်ရာတွင် ကာကွယ်ထိန်းချုပ်ထားသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ၏ နမူနာ တစ်ခုချင်း၌ ပြုလုပ်ထားသော အမှတ်အသားကို ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေခြင်း၊ ပြည်ပမျိုး တောရိုင်းတိရစ္ဆာန်နှင့် သဘာ၀ အပင်များကိုဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်းကိုဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ ခွင့်ပြုချက် မရှိဘဲ တင်သွင်းခြင်း၊ မွေးမြူခြင်း၊ စိုက်ပျိုးခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းတို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ထိုသူအား သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်နှစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမည်ဟု ထည့်သွင်းရေးဆွဲထားသည်။

ထို့ပြင် သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို ခွင့်ပြုချက် မရှိဘဲ သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အနာတရ ဖြစ်စေခြင်း၊ ယင်းတောရိုင်းတိရစ္ဆာန်ကို ဖြစ်စေ၊ ယင်း၏ အစိတ်အပိုင်းကို ဖြစ်စေ ခွင့်ပြုချက် မရှိဘဲ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း၊ ကာကွယ်ထားသည့် သဘာဝအပင် တစ်မျိုးမျိုးကို သတ်မှတ်ထားသည့် နေရာဒေသအတွင်း ခွင့်ပြုချက် မရှိဘဲ ထုတ်ယူခြင်း၊ စုဆောင်းခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဖျက်ဆီးခြင်း၊ သဘာဝနယ်မြေအတွင်း ကျူးကျော်ဝင်ရောက် နေထိုင်ခြင်း၊ သို့မဟုတ် ဂေဟစနစ်ကို ဖြစ်စေ၊ သဘာ၀ အနေအထား တစ်ခုခုကို ဖြစ်စေ ဖျက်ဆီးခြင်း၊ သဘာဝနယ် မြေနယ်နိမိတ် အမှတ်အသား တစ်ခုခုကို ဖြစ်စေ၊ အစိုးရက စီမံအုပ်ချုပ်သည့် သို့မဟုတ် အစိုးရက အစုရှယ်ယာ မတည်ငွေရင်း ပါဝင်သည့် တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒ ဥယျာဉ်၏ နယ်နိမိတ် အမှတ်အသား တစ်ခုခုကို ဖြစ်စေ ခွင့်ပြုချက် မရှိဘဲ ပြောင်းလဲပြင်ဆင်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် ပုံသဏ္ဌာန် ပျက်စေရန် ပြုလုပ်ခြင်းများ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ထိုသူအား ငါးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၀ သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ရေးဆွဲထားသည်။

ထို့အတူ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်ကို သို့မဟုတ် ကူးသန်းရောင်းဝယ်ရာတွင် ကာကွယ်ထိန်းချုပ်သည့် တောရိုင်းတိရစ္ဆာန်ကို ခွင့်ပြုချက် မရှိဘဲ သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အနာတရ ဖြစ်စေခြင်း၊ ယင်းတောရိုင်းတိရစ္ဆာန်ကို ဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်းကို ဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ၊ ခွင့်ပြုချက် မရှိဘဲ စုဆောင်းခြင်း၊ လက်ဝယ်ထားခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ လုံး၀ ကာကွယ်ထားသည့် သဘာဝအပင်ကို သို့မဟုတ် ကူးသန်းရောင်းဝယ်ရာတွင် ကာကွယ်ထိန်းချုပ်သည့် သဘာဝအပင်ကို ခွင့်ပြုချက်မရှိဘဲ ထုတ်ယူခြင်း၊ စုဆောင်းခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဖျက်ဆီးခြင်း၊ ယင်းသဘာဝအပင်ကိုဖြစ်စေ၊ ယင်းတို့၏ အစိတ်အပိုင်းကိုဖြစ်စေ၊ ယင်းတို့ပါရှိသည့် ဆင့်ပွားထုတ်လုပ်ထားသော ပစ္စည်းကိုဖြစ်စေ ခွင့်ပြုချက်မရှိဘဲ စုဆောင်းခြင်း၊ လက်ဝယ်ထားခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ ကူးသန်းရောင်းဝယ်ရာတွင် ကာကွယ်ထိန်းချုပ်သည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကို ယင်းဥပဒေပါ ပုဒ်မတို့အရ ထုတ်ပေးထားသော ထောက်ခံချက် မရရှိဘဲ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း သို့မဟုတ် တစ်ဆင့်ခံတင်ပို့ခြင်းတို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ငါးသိန်းမှ အများဆုံးကျပ် ၁၅ သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုလည်း ဖော်ပြထားသည်။

Most Recent