စိန်ခေါ်မှုနှင့် ဖိအားများကြောင့် ဒီမိုကရေစီ လမ်းကြောင်းမှ အာရုံပြောင်းသွားမည် မဟုတ်သကဲ့သို့ သွေဖည်သွားမည်လည်း မဟုတ်ကြောင်း (၂၉) နှစ်ပြည့် ပါတီနှစ်ပတ်လည်နေ့တွင် NLD ထုတ်ပြန်

စိန်ခေါ်မှုနှင့် ဖိအားများကြောင့် ဒီမိုကရေစီ လမ်းကြောင်းမှ အာရုံပြောင်းသွားမည် မဟုတ်သကဲ့သို့ သွေဖည်သွားမည်လည်း မဟုတ်ကြောင်း (၂၉) နှစ်ပြည့် ပါတီနှစ်ပတ်လည်နေ့တွင် NLD ထုတ်ပြန်
Published 28 September 2017

စက်တင်ဘာ ၂၇ ရက်ကပြုလုပ်သော NLD ပါတီ၏ (၂၉) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက် လာသူများကို တွေ့ရစဉ်

စိန်ခေါ်မှုနှင့် ဖိအားများကြောင့် ဒီမိုကရေစီလမ်းကြောင်းမှ အာရုံပြောင်းသွားမည် မဟုတ်သကဲ့သို့ သွေဖည်သွားမည်လည်း မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စက်တင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည့် ပါတီထူထောင်သည့် (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ မီးရှူးသန့်စင်ခဲ့သော လူထုခေါင်းဆောင်၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဆယ်စုနှစ် သုံးစုမျှသော သမိုင်း၏ အခိုက်အတန့်ကာလ အတွင်း၌ ခက်ခဲကြမ်းတမ်း မုန်တိုင်းထန်သည့် နှစ်ပေါင်းများကို သူရဲကောင်းပီသသော အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ပြည်သူများနှင့်အတူ ကြံ့ကြံ့ခိုင် ရပ်တည်လာသည့် ပါတီဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ယုံကြည်မှု၊ သစ္စာရှိမှုနှင့် အလေ့အကျင့်၊ အတွေ့အကြုံရှိသော ခေါင်းဆောင်များ၊ စမ်းသပ်မှုအစုံစုံကို ရင်ဆိုင်ရဲသော အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ကျယ်ပြန့်သော ပြည်သူ့ထောက်ခံမှု အစဉ်အလာကောင်းများကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူလူထု၏ ဇွဲလုံ့လဝီရိယနှင့် မျှော်လင့်ချက်များကြောင့် ရရှိခဲ့သည့် အရင်းအနှီး ကြီးမားလှသည့် ဒီမိုကရေစီအောင်ပွဲကို ဆက်လက်ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်ရန် တာဝန်ရှိလာခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် ကာလတွင် ကြုံတွေ့ရလေ့ရှိသည့် အခွင့်အလမ်းများ၊ ဖြစ်နိုင်ခြေလမ်းစများ၊ မျှော်လင့်ချက် ကောင်းများနှင့်အတူ အကွေ့အကောက် အလှုပ်အယမ်းများ၊ မသေချာမှုများနှင့် ထိလွယ်ရှလွယ် အကဲဆတ်မှုများကို တည်တည်ငြိမ်ငြိမ်၊ ရင့်ကျက်မှုရှိရှိဖြင့် ရင်ဆိုင်ခဲ့ရကြောင်း၊ မိမိတို့ကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်မှုဖြင့် ဖန်တီးပုံဖော်ရမည့် အနာဂတ်သစ်ကို မမှိတ်မသုန် ယုံကြည်မှုများဖြင့် ဆက်လက်ချီတက် ခဲ့ရကြောင်း၊ နှစ်ပေါင်းများစွာ မှေးမှိန်နေခဲ့သော မိမိနိုင်ငံ၏ အမျိုးသား အမှတ်အသားသရုပ်နှင့် တင့်တယ်ထည်ဝါမှုကို ကမ္ဘာ့အလယ်၌ နေရာမှန် ပြန်လည်ရပ်တည်နိုင်အောင် မြှင့်တင်ခဲ့ရကြောင်း ဖော်ပြပါရှိသည်။

ထို့အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကြေညာစာတမ်း၌ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ပေါ်ထွန်းရေး၊ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေးနှင့် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ ကို ဦးတည်ဆောင်ရွက်မည်ဟူသော ကတိကဝတ်များဖြင့် စနစ်တကျကြိုးပမ်း အကောင်အထည် ဖော်လျက်ရှိကြောင်း၊ လက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မိမိ၏ အမျိုးသား ဂုဏ်သိက္ခာနှင့် အချုပ်အခြာ အာဏာအတွက် တိုက်ပွဲဝင်နေရသကဲ့သို့  အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက် ရက်စက်ကြမ်းကြုတ်မှုများကို ခုခံတွန်းလှန်နေရပြီး အခြေအမြစ်မရှိ စွပ်စွဲမှုများနှင့် မီဒီယာထောင်ချောက် များကိုလည်း စနစ်တကျ ချေပနေရကာ ပေါ်ပေါက်ခဲ့ရသော တင်းမာမှု နယ်ပယ်များကို အမြော်အမြင်ရှိရှိ ဂုဏ်သိက္ခာရှိရှိဖြင့် အမှန်တရားနှင့်အတူ ရပ်တည်ဖြေရှင်းလျက် ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မည်သို့ပင်ဖြစ်စေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် ပြည်သူများနှင့်အတူ မူဝါဒအသစ်များ ချမှတ်ရန် သတ္တိရှိကြောင်း၊ စိန်ခေါ်မှုနှင့် ဖိအားများကြောင့်လည်း ဒီမိုကရေစီလမ်းကြောင်းမှ အာရုံပြောင်းသွားမှာ မဟုတ်သကဲ့သို့ သွေဖည်သွားမည်လည်း မဟုတ်ကြောင်းနှင့် နိုင်ငံတော်အား ပိုမိုကောင်းမွန်ရန်၊ ပိုမိုအဆင့်မြင့်ပြီး သာယာလှပ နှစ်လိုဖွယ်ကောင်းရန် အားထုတ်သွားမည်ဖြစ်ကာ ပြည်သူလူထုအား ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု၏ တောက်ပသော အလင်းရောင်များကို ကြည့်မြင်ခံစားနိုင်ရန် ဆောင်ကြဉ်းပေးသွားမည် ဖြစ်ကြောင်း နှစ်ပတ်လည်နေ့တွင် သန္နိဋ္ဌာန်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီ ရုံးချုပ်တွင် ပြုလုပ်သော ပါတီထူထောင်ခြင်း (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ နိုင်ငံရေး ပါတီဝင်များ၊ သံတမန်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် သဘာပတိ ဦးဟံသာမြင့်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံမှ ဒီမိုကရေစီ ခေါင်းဆောင်များနှင့် ဒီမိုကရေစီ ပါတီများ အဖွဲ့အစည်းများကို မွေးဖွားပေးခဲ့ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း ပြည်သူလူထု၏ ဆန္ဒနှင့် ယုံကြည်မှုအရ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၉ နှစ်တာအတွင်း မဆုတ်မနစ်၊ ရဲရဲဝံ့ဝံ့ဖြတ်သန်းခဲ့ပြီး အဖွဲ့ချုပ် တည်ထောင်စဉ်က ချမှတ်ခဲ့သည့် အများပြည်သူတို့၏ ဆန္ဒနှင့် ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီ အစိုးရ ဖြစ်ပေါ်လာစေရန်၊ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီ နိုင်ငံရေးစနစ် ထွန်းကား၍ တည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီးအဖြစ် ထွန်းကားစေရေးဆိုသည့် ရည်ရွယ်ချက်များကိုလည်း မည်သည့်အခါမျှ သွေဖည်ခြင်းမရှိဘဲ ဦးထိပ်ထားခဲ့သည့်အတွက် ယနေ့အချိန်အထိ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

 

Most Read

Most Recent