NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့အတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်ခြင်းမှ ရရှိလာမည့် ရလဒ်များကို အစိုးရ၊ တပ်မတော်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းမည်

NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့အတွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်ခြင်းမှ ရရှိလာမည့် ရလဒ်များကို အစိုးရ၊ တပ်မတော်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းမည်
Published 28 July 2017

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အတွင်း နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် အပါအဝင် ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်ခြင်းအား ဇူလိုင် ၂၀ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး ထိုမှ ရရှိလာမည့် ရလဒ်များအား အစိုးရ၊ တပ်မတော်တို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPSAT) အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန် ၂၈ ရက်မှ ဇူလိုင် ၂ ရက်အထိ ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင်လည်း NCA အကောင်အထည်ဖော်မှုအပေါ် ပြန်လည်သုံးသပ်ရာ လူမျိုးအလိုက်၊ ဒေသအလိုက်နှင့် အကြောင်းအရာအလိုက် ပြုလုပ်ခဲ့သော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ၊ လုပ်ငန်းကော်မတီ အစည်းအဝေးများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးများ၏ အခင်းအကျင်း၊ စိန်ခေါ်မှုများ အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုလုံး၏ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အစည်းအဝေးအပြီး ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်တို့ Review လုပ်တယ် ဆိုတာက အခုလုပ်သွားတဲ့ PPST Review က Review လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ ကြာပါပြီ။ Review ဆိုတာကတော့ Process တစ်ခုလုံးပေ့ါ။ ဖြစ်ခဲ့တာကိုလည်း ပြန်ပြီးသုံးသပ်မှာ ဖြစ်သလို၊ တွေ့ရှိချက်တွေကို ပြန်ပြီးတော့မှ ရှေ့ဆက်အလုပ်လုပ်နိုင်ရေးအတွက် ဆုံးဖြတ်ချက်တွေလည်း ချရမယ်ဆိုတော့ အဲဒါကို ကျွန်တော်တို့ရှစ်ဖွဲ့ ကြားထဲမှာ ဒါကော်မတီဖွဲ့ပြီးတော့မှ ပထမဆုံး စပြီးလုပ်မှာ ဖြစ်ပါတယ်။ အဲဒါ ဇူလိုင် ၂၀ ရက်မှာ စလုပ်မယ်။ အဲဒီလုပ်ပြီး ရလာတဲ့ ဟာတွေကို ကျွန်တော်တို့ ဒီရှစ်ဖွဲ့ ခေါင်းဆောင်တွေက အတည်ပြုပြီးတာနဲ့ တစ်ပြိုင်နက်တည်း အစိုးရ၊ တပ်မတော် တာဝန်ရှိတဲ့သူတွေနဲ့လည်း ညှိရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ NCA ကို လက်မှတ်မရေးထိုးရသေးသော်လည်းပဲ ဆက်ညှိနေတဲ့ အဖွဲ့အစည်းတွေနဲ့လည်းပဲ ညှိရမှာ ဖြစ်ပါတယ်။ အဲဒီတော့ သြဂုတ် ပထမအပတ်လောက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့မှ အခုပြောတဲ့ Framework အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ်မှာ စုစည်းချက်လေး တစ်ခုတော့ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောကြားသည်။

ထို့ပြင် PPST အစည်းအဝေး၌ တိုင်းရင်းသားလူမျိုးများ၏ အဓိက ရည်မှန်းချက်များဖြစ်သည့် ဖက်ဒရယ်စနစ်၏ လက္ခဏာရပ်များဖြစ်သော ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ အခန်းကဏ္ဍ၊ ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေပိုင်းခြားထားရှိမှု၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်များ ပူးတွဲ အကောင်အထည်ဖော်ခြင်း စသည့် အရေးကြီးသော အချက်အလက်များအား ဆက်လက်ဆွေးနွေးရမည်ကို တွေ့ရှိရကြောင်း၊ NCA အကောင်အထည်ဖော်ရာ၌ အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား NCA အပေါ် နားလည်မှုနှင့် အဓိပ္ပာယ်ဖွင့်ဆိုမှု မတူညီကြောင်းကိုလည်း သုံးသပ်တွေ့ရှိခဲ့ကြကြောင်း၊ ယင်းအတွက် NCA ဆိုင်ရာ အခြေခံမူ၊ ခံယူချက် သဘောထားများနှင့် ကတိပြုချက်များအား လိုက်နာခြင်း၊ အကောင်အထည်ဖော်ခြင်းအပေါ် သက်ရောက်မှု ရှိခဲ့ပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုဆိုင်ရာ အခြေခံတို့နှင့် ပတ်သက်ပြီး အားနည်းမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရကြောင်းကို NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များက သုံးသပ်ခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ DKBA အဖွဲ့နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ ဖြစ်သည်။

Writer:
ဝီရမိုးနေ

Most Read

Most Recent