အဂတိလိုက်စားမှုသည် အယုံအကြည်ရှိမှု၊ ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုလုံး၏ ဂုဏ်ရှိမှုအားတိုက်စားဖျက်ဆီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

အဂတိလိုက်စားမှုသည် အယုံအကြည်ရှိမှု၊ ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုလုံး၏ ဂုဏ်ရှိမှုအားတိုက်စားဖျက်ဆီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား
Published 4 November 2020
အဂတိလိုက်စားမှုသည် အယုံအကြည်ရှိမှု၊ ကောင်းမွန်သည့်အုပ်ချုပ်မှုနှင့် ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုလုံး၏ ဂုဏ်ရှိမှုအားတိုက်စားဖျက်ဆီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ “အဂတိလိုက်စားမှုဟာ အယုံအကြည်ရှိမှု၊ ကောင်းမွန်တဲ့အုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ထမ်း ယန္တရားကြီးတစ်ခုလုံးရဲ့ ဂုဏ်ရှိမှုတို့ကို တိုက်စားဖျက်ဆီးပါတယ်။ အဂတိလိုက်စားခြင်းဟာ လူအနည်းငယ်ရဲ့အကျိုးကို အများအကျိုးအထက် မှာထားရှိခြင်းဖြစ်တာကြောင့် ဒီမိုကရေစီရဲ့ ဗဟိုမူဖြစ်တဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အုပ်ချုပ်ရေးကို ထိပါးစေပါတယ်” ဟု ၎င်းကဆိုသည်။ ပြည်သူ့ဝန်ထမ်းများအနေဖြင့် ယုံကြည်မှုအား တည်ဆောက်ရာတွင် သိက္ခာရှိရှိနေတတ်ရန်၊ ဘက်လိုက်မှုကင်းရှင်းရန်နှင့် မိမိတို့အလုပ်နှင့် ပတ်သက်ပြီး တာဝန်ယူမှုရှိရန် လိုအပ်ကြောင်း၊ အများပြည်သူဘက်မှလည်း ပြည်သူ့ဝန်ထမ်းများအပေါ် လေးစားမှုနှင့် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရန်လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုသည် တိုင်းတာရန်ခက်ခဲပြီး သတိပြုမိရန်ခက်ခဲကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်စင်တာ-၂ (MICC-2) ၌ဇူလိုင် ၁၀ ရက်ကကျင်းပခဲ့သည့် မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်အား ထုတ်ပြန်ကြေညာသည့် အခမ်းအနားနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ နိုင်ငံဝန်ထမ်းများ၏ ယုံကြည်ချက်၊ ခံယူချက်နှင့် စိတ်ဓာတ်မြင့်မား တက်ကြွလာစေရေးအတွက် ကမ္ဘာ့နိုင်ငံများမှ သတ်မှတ်ကျင့်သုံးသည့် နည်းလမ်းများကို လေ့လာဆွေးနွေးခြင်းနှင့် ပြည်သူ့ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စိတ်အားထက်သန်တက်ကြွစွာဖြင့် ဝန်ဆောင်မှုပေးနိုင်ရေး လှုံ့ဆော်မြှင့်တင်ပေးခြင်း အသိပညာမျှဝေမှုဖိုရမ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ပြည်သူ့ဝန်ထမ်း ကျင့်ဝတ်တောင့်တင်းခိုင်မာရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် လေ့ကျင့်သင်ကြားမှုများပေးရန်နှင့် တိုင်ကြားရေးနှင့် ဖော်ထုတ်ရေးဆိုင်ရာ ယန္တရားထိရောက်မှုရှိရန်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆင့်မြင့်ရာထူးရာခံရှိသူများ၏ ပိုင်ဆိုင်မှုများအား ထုတ်ဖော်ကြေညာရန်၊ နည်းပညာအသစ်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ပံ့ပိုးဆောင်ရွက်ခြင်းသည် အဂတိလိုက်စားနိုင်မှု အခွင့်အလမ်းအား နည်းပါးစေသည့် အစီအစဉ်များ ထည့်သွင်းထားကြောင်း သိရသည်။ အဂတိလိုက်စားမှုအား တိုက်ဖျက်ခြင်းသည် မဟာဗျူဟာစီမံချက်တစ်ခုလုံး၏ ရည်မှန်းချက်အောင်မြင်ရေးကို အထောက်အကူဖြစ်စေပြီး ပြည်သူ့ဝန်ထမ်းအဖွဲ့များနှင့် ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းများ ဝန်ဆောင်မှုပေးနေသည့် လူ့ဘောင်အဖွဲ့အစည်းကြားတွင် ယုံကြည်မှုတိုးတက်ဖြစ်ထွန်းစေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
Writer:
နေရိုင်း၊ ဇေယျာထွန်း

Most Read

Most Recent