စီးပွားဖြစ် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ရန် မြေယာသိမ်းရန် လိုအပ်လာပါက တည်ဆဲဥပဒေများနှင့်အညီ ပေးလျော်မည်ဟု ဒုတိယဝန်ကြီးပြောကြား

စီးပွားဖြစ် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ရန် မြေယာသိမ်းရန် လိုအပ်လာပါက တည်ဆဲဥပဒေများနှင့်အညီ ပေးလျော်မည်ဟု ဒုတိယဝန်ကြီးပြောကြား
Published 28 July 2017

စီးပွားဖြစ် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ရန် မြေယာများကို သိမ်းရန်လိုအပ်လာပါက တည်ဆဲဥပဒေများနှင့်အညီ ပေးလျော်မည်ဟု လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ဇူလိုင် ၁၀ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှဦးဝင်းမောင်က မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စာချုပ်ချုပ်ဆို၍ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ကျေးရွာအုပ်စုသုံးစုအတွင်း သယံဇာတရှာဖွေနေသော North Petro-Chem Corporation LTD အနေဖြင့် သယံဇာတရှာဖွေခြင်းလုပ်ငန်းကို မည်သည့်ခုနှစ်တွင် ရပ်ဆိုင်းမည်၊ တူးဖော်ထားသော ရေနံတွင်းများကို စီးပွားဖြစ်ထုတ်လုပ်ဆောင်ရွက်ရန် အစီအစဉ် ရှိမရှိ၊ အကယ်၍စီးပွားဖြစ်ထုတ်လုပ်ပါက ထွက်ရှိလာသော အကျိုးအမြတ်ကို မြန်မာနိုင်ငံအတွက် မည်သို့ခွဲဝေပေးရမည်နှင့် တောင်သူများ၏ မြေယာဆုံးရှုံးမှုများကို မည်သို့ရှင်းလင်းပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက “မြေယာသီးနှံလျော်ကြေးကိစ္စရပ်များတွင် ယာယီသိမ်းဆည်းထားတဲ့ မြေယာတွေအတွက် သက်ဆိုင်ရာမြို့နယ်က ဌာနဆိုင်ရာတွေပါဝင်တဲ့ သီးနှံလျော်ကြေးပေးရေး ကော်မတီဖွဲ့စည်းထားပါတယ်။ ကော်မတီကဆုံးဖြတ်တဲ့ ဒေသပေါက်ဈေးနဲ့အညီ ပေးလျော်ခဲ့ပါတယ်။ စီးပွားဖြစ် ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေတွေ့ရှိ၍ ထုတ်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် မြေယာတွေကို အမြဲသိမ်းဖို့လိုအပ်လာပါက မြေယာစီမံခန့်ခွဲမှုကော်မတီအား ဖွဲ့စည်းကာ လက်ရှိတည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေနဲ့အညီ ပေးလျော်မှာဖြစ်ပါတယ်” ဟုပြောကြားသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်လုပ်ကွက်များတွင် နိုင်ငံခြားရေနံကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းကာ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်များချုပ်ဆိုကာ ရေနံရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း၊ North Petro-Chem Corporation LTD ရေနံကုမ္ပဏီသည်လုပ်ကွက် PSC-F (ငလှိုင်တွင်းဒေသ) ကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်ချုပ်ဆိုကာ ၂၀၁၀ ပြည့်နှစ်စက်တင်ဘာ ၉ ရက်မှစကာ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ဒုတိယဝန်ကြီးကပြောကြားသည်။

ယင်းကုမ္ပဏီအနေဖြင့် ရှာဖွေရေးကာလအတွင်း ပေတိမ်တွင်းလေးတွင်း၊ ပေလတ်တွင်း သုံးတွင်းတူးဖော်ခဲ့ကြောင်း၊ တူးဖော်ပြီးစီးသည့် ပေတိမ်၊ ပေလတ်တွင်းများမှ သဘာဝဓာတ်ငွေ့တွေ့ရှိသော သဲကြောနှင့် အခြားရေနံခိုအောင်းနိုင်သော သဲကြောများကို ဆက်လက်ရှာဖွေရန် စာချုပ်သက်တမ်း နှစ်နှစ်တိုးပေးခဲ့ကြောင်း၊ ယင်းသက်တမ်းသည် ၂၀၁၇ ခုနှစ်စက်တင်ဘာ ၈ ရက်တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ စီးပွားဖြစ်ထုတ်လုပ်နိုင်မှု မရှိသေးသည်ကို တွေ့ရကြောင်း၊ စာချုပ်သက်တမ်း မကုန်ဆုံးသေးသည့်အတွက် လုပ်ငန်းသုံးပစ္စည်းများ ထိန်းသိမ်းရန်အတွက် တရုတ်လူမျိုးနှစ်ဦးနှင့် စကားပြန်တစ်ဦးသာရှိပြီး လက်ရှိတွင်မည်သည့် လုပ်ငန်းမှဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရကြောင်း ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

Writer:
စိုးမင်းထိုက်

Most Read

Most Recent