ရန်ကုန်မြို့သစ် စီမံကိန်းအကောင်အထည်ဖော်ရန် ငွေကြေးရင်းနှီးမြှုပ်နှံမှုအတွက် World Bank၊ IMF၊ IFC တို့မှကိုယ်တိုင်ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းခွင်တွင် ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားချေးငွေရယူခြင်းနှင့် PPP တို့ဖြင့်ဆောင်ရွက်ခြင်း စသည့်နည်းလမ်းသုံးမျိုးြ

ရန်ကုန်မြို့သစ် စီမံကိန်းအကောင်အထည်ဖော်ရန် ငွေကြေးရင်းနှီးမြှုပ်နှံမှုအတွက် World Bank၊ IMF၊ IFC တို့မှကိုယ်တိုင်ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းခွင်တွင် ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားချေးငွေရယူခြင်းနှင့် PPP တို့ဖြင့်ဆောင်ရွက်ခြင်း စသည့်နည်းလမ်းသုံးမျိုးြ
Published 28 July 2017

ရန်ကုန်မြို့သစ်စီမံကိန်းတွင် ကြုံတွေ့နိုင်သည့် ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး World Bank၊ IMF၊ IFC တို့မှကိုယ်တိုင်ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းခွင်၌ ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားချေးငွေရယူခြင်းနှင့် PPP (Public Private Partnership) ဖြင့်ဆောင်ရွက်ခြင်း စသည့်နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဇူလိုင် ၁၀ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်မြို့သစ်စီမံကိန်းကို လွှတ်တော်သို့ ရှင်းလင်းတင်ပြရာ၌ ထည့်သွင်းပြောကြားသည်။

“ရန်ကုန်မြို့သစ်စီမံကိန်းက အားလုံးသိပြီးဖြစ်တဲ့အတိုင်း ကြည့်မြင်တိုင်တစ်ဖက်ကမ်း အေးရွာဧရိယာအပါအဝင် ကြည့်မြင်တိုင်မြို့နယ်၊ တွံ့တေးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တို့ပါဝင်တဲ့ အဆိုပါခန့်မှန်းဧရိယာ ၃၀၀၀၀ ဧကရှိပါတယ်။ ကြုံတွေ့နိုင်သော ငွေကြေးရင်းနှီးမြုပ်နှံမှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲထားမှုများအပေါ် ပြင်ဆင်ထားမှုတွေကတော့ Multi Lateral ဖြစ်သော World Bank၊ IMF၊ IFC အစရှိသော ငွေကြေးဆိုင်ရာနေရာဌာနများမှ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းခွင်တွင် ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံခြားချေးငွေရယူခြင်း၊ လျှပ်စစ်လုပ်ငန်း၊ ရေပေးဝေရေးလုပ်ငန်းအစရှိသည်တို့မှာ PPP စနစ်ဖြင့် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟုဒေါ်နီလာကျော်က ပြောကြားသည်။

အဆိုပါနည်းလမ်းများဖြင့် အစိုးရ၏ဆောင်ရွက်မှု ၁၀၀ ရာခိုင်နှုန်းဖြစ်သော Corporation သည်ပုံစံဖြင့်ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပြီး New Yangon Development Corporation သည် အထူးကုမ္ပဏီဖွဲ့စည်းမှုဥပဒေအရ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်လာမည်ဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းတွင် လျှပ်စစ်လုပ်ငန်းနှင့် ပတ်သက်၍ သီးခြားထုတ်လွှတ်မှု၊ သီးခြားဆက်သွယ်မှုလိုင်းနှင့် ရေရရှိရေးကိုလည်း PPP စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ရန်ကုန်မြို့သစ်စီမံကိန်းကို တင်ပြသွားတဲ့အခါမှာ ပြီးခဲ့တဲ့လွှတ်တော်မှာ အတည်ပြုခဲ့တဲ့စီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းကို ဆက်လက်ဆောင်ရွက်မယ်ဆိုတာကို တင်ပြသွားတာဖြစ်ပါတယ်။ ဆောင်ရွက်မယ့် ပုံစံအသစ်ကတော့ ပြောင်းလဲပါတယ်။ ရင်းနှီးမြှုပ်နှံမယ့် ပုံစံပြောင်းလဲမယ်ဆိုတာကိုလည်း သိရပါတယ်။ ကျွန်မတို့အနေနဲ့ ဒီနှစ်ချက်ကိုပဲသိရပါတယ်။ စီမံကိန်းကတော့ အကြီးကြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ဒီစီမံကိန်းအကြောင်းကို ဆွေးနွေးပိုင်ခွင့်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ လွှတ်တော်ရဲ့ တိုင်းဒေသကြီး ဥပဒေပုဒ်မ ၁၀ (က) အရလည်းကောင်းအစိုးရက တင်ပြသွားတဲ့စီမံကိန်းတွေအပေါ်မှာ ဆွေးနွေးပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့်မို့လို့လည်း ကျွန်မကဒီနေ့လွှတ်တော်မှာထပြီး လွှတ်တော်အတွင်းမှာပဲ ဆွေးနွေးခွင့်ပြုပါဆိုပြီး တောင်ဆိုခြင်းဖြစ်ပါတယ်။ ဒီအပေါ်မှာ စီမံကိန်းဝန်ကြီးက ပြီးခဲ့တဲ့လွှတ်တော်က အတည်ပြုခဲ့တာဖြစ်တဲ့အတွက် စာနဲ့တင်ပြပါဆိုပြီး ပြောတာကိုတော့ သိပ်သဘောမကျပါဘူး” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ် မေ ၂၈ ရက်တွင် မူလစာချုပ်ချုပ်ဆိုခဲ့သော ကုမ္ပဏီသုံးခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ခေါ်ယူညှိနှိုင်းခဲ့ကြောင်း၊ ညှိနှိုင်းမှုအရ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းပမာဏ ကြီးမားကျယ်ပြန့်ခြင်း၊ ပြည်သူလူထု၏ လူနေမှုဘ၀ မြင့်မားစေရေး အထောက်အကူပြုစေမည့် စီမံကိန်းဖြစ်ခြင်း၊ မဟာရန်ကုန်၏ အနာဂတ်စီမံကိန်း ရည်မှန်းချက်ဖြစ်သော ဖွံ့ဖြိုးမှုနောက်ကျလျက်ရှိသော ဒေသများကို တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရေး၊ ကုမ္ပဏီအနည်းငယ်မှ လက်ဝါးကြီးအုပ်လုပ်ကိုင်မည့်အစား နိုင်ငံသားလုပ်ငန်းရှင်များ ပါဝင်လုပ်ကိုင်ခွင့်ရရှိရေးတို့ကို ရှေးရှုပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သစ်မှကြီးကြပ်ပြီး ဆောင်ရွက်သွားရန် ယခင်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Consortium ကုမ္ပဏီတို့ချုပ်ဆိုခဲ့သောစာချုပ်ကို ဖျက်သိမ်းရန် သဘောတူညီခဲ့ကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောကြားသည်။

Writer:
ဆန်းထူးအောင်၊ ထက်ရှိုင်း

Most Read

Most Recent