ကျူးကျော်များ ပြန်လည်နေရာချထားရေး စီမံကိန်းအား တိုင်းဒေသကြီး လွှတ်တော်သို့တင်ပြပြီး လွှတ်တော်မှအတည်ပြုပြီးပါက အကောင်အထည် ဖော်ဆောင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ကျူးကျော်များ ပြန်လည်နေရာချထားရေး စီမံကိန်းအား တိုင်းဒေသကြီး လွှတ်တော်သို့တင်ပြပြီး လွှတ်တော်မှအတည်ပြုပြီးပါက အကောင်အထည် ဖော်ဆောင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
Published 28 July 2017

ကျူးကျော်များ ပြန်လည်နေရာချထားရေး စီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့တင်ပြပြီး လွှတ်တော်မှအတည်ပြုပြီးပါက အကောင်အထည် ဖော်ဆောင်တော့မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇူလိုင် ၁၁ ရက်တွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သည့် 14 the Hitachi Young Leaders Intiative (HYLI) ဒုတိယနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ မကြာခင်မှာကျင်းပမယ့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို ကျူးကျော်များ ပြန်လည်နေရာချထားရေးစီမံကိန်းကို တင်ပြဖို့ရှိပါတယ်။ ဒီစီမံကိန်းကို လွှတ်တော်ကအတည်ပြုပြီး စတင်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းအားလုံးဟာလည်း ဒီလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး ဆွေးနွေးထားပြီးဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်တဲ့နေရာမှာ ကျူးကျော်ပြဿနာကိုလည်း အဓိကကဏ္ဍတစ်ရပ်ကနေ ဆောင်ရွက်နေတယ်ဆိုတာကို အသိပေးလိုပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင်ကျူးကျော်အခြေအနေသည် ရန်ကုန်မြို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရန်ကုန်မြို့တိုးတက်နေမှု အခြေအနေများပေါ်တွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ရှိပါကြောင်း၊ ထို့ကြောင့် နယ်မြို့အသီးသီးမှ ရန်ကုန်မြို့သို့ ဝင်ရောက်လာသူများစွာရှိပါကြောင်း၊ ရန်ကုန်မြို့ပေါ်ရှိ လူဦးရေလေးသိန်းခန့်သည် ကျူးကျော်အိမ်ရာများတွင် နေထိုင်နေရသည့် အခြေအနေဖြစ်ကြောင်း၊ အဆိုပါကိစ္စများသည် ပြီးခဲ့သည့်အစိုးရမှ လက်ခံရယူလိုက်သည့် အခြေအနေမှစပြီး ကျူးကျော်အိမ်ရာများသည် နေရာနယ်မြေအသီးသီးတွင် ပေါ်ပေါက်နေခြင်းဖြစ်ကြောင်း၊ ယင်းအခြေအနေများကို စနစ်တကျ ပြန်လည်နေရာချထားပေးရန် UN-Habitat၊ USAID တို့နှင့်လည်း ညှိနှိုင်းနေကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ကျူးကျော်အိမ်ရာစီမံကိန်းတွေ တည်ဆောက်ပေးနိုင်ဖို့အတွက် ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ ဒီပြင်ဆင်တဲ့နေရာမှာလည်း ကျူးကျော်တွေကိုလည်း ကျွန်တော်တို့နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ သူတို့နေထိုင်လိုတဲ့နေရာကို စနစ်တကျစီမံခန့်ခွဲပေးနိုင်ဖို့လိုပါတယ်။ သူတို့ရဲ့သွားရေး၊ လာရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စတွေကိုပါ ထည့်သွင်းစဉ်းစားသွားရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ကျူးကျော်တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ လူသားအရင်းအမြစ်များအဖြစ်နဲ့ ကျွန်တော်တို့တိုင်းရဲ့၊ ကျွန်တော်တို့မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်တဲ့ သူတွေဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကိုစနစ်တကျ မဆောင်ရွက်နိုင်ဘူးဆိုရင် အနာဂတ်တစ်ချိန်မှာ ကျွန်တော်တို့မြို့ဟာ ဒုစရိုက်မှုတွေထူပြောတဲ့ မြို့ကြီးတစ်မြို့အဖြစ်နဲ့ ဖြစ်လာမှာဖြစ်ပါတယ်။ ဒီအတွက်ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတစ်ရပ်ကိုရေးဆွဲပြီး ကြိုးပမ်းဆောင်ရွက်နေကြောင်း အသိပေးလိုပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားသည်။

Writer:
ဆန်းထူးအောင်၊ ထက်ရှိုင်း

Most Read

Most Recent