နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) တာဝန်ရှိသူများ နေပြည်တော်၌တွေ့ဆုံပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ ကိစ္စရပ်များဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) တာဝန်ရှိသူများသည် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၄ ရက်နံနက် ၁၀ နာရီတွင်တွေ့ဆုံပြီး ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ကချင်ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အခက်အခဲဖြစ်စေသည့် အခြေအနေများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အကြံပြုချက်များကို ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့နောက် ကချင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် NCA လက်မှတ်ရေးထိုးရေး၊ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသူများ အရေးကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာကြီး လလောက်ဂျုံးခေါင်နှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာကြီး လလောက်ဂျုံးခေါင်၊ သိက္ခာတော်ရ ဆရာကြီးဒေါက်တာခလမ်ဆမ်ဆွန်၊ သိက္ခာတော်ရဆရာ ခေါဘောမ်၊ သိက္ခာတော်ရဆရာ ဂွန်ထန်ခွန်နောင်၊ သိက္ခာတော်ရဆရာ လထော်ခွန်နောင်၊ သိက္ခာတော်ရဆရာ ဒေါင်ခေါင်၊ သိက္ခာတော်ရ ဆရာထွန်းနော်၊ သိက္ခာတော်ရ ဆရာလဖိုင်ဇော်ရာ၊ သိက္ခာတော်ရ ဆရာမရန်ဇော်မန်၊ ဖော်ရမ်ခါးလီ၊ ဒေါ်ဂျာနန်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၀၁၇ ခုနှစ်မတ်လကုန်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် KBC မှဘာသာရေးခေါင်းဆောင်များအပါအ၀င် ကချင်လူထုခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် သုံးနာရီနီးပါးကြာ တံခါးပိတ်ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး ထိုစဉ်အချိန်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) အနေဖြင့် NCA ကိုယုံယုံကြည်ကြည် လက်မှတ်ရေးထိုးရန် တွေ့ဆုံပွဲတွင် တိုက်တွန်းပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူများ၏ ပြန်လည်ပြောကြားချက်အရ သိရသည်။

တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) ကြား ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှစတင်ကာ တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်းမှာ ခြောက်နှစ်ကျော်လာပြီဖြစ်ကာ တိုက်ပွဲများသည် လက်ရှိအချိန်ထိ ဖြစ်ပွားနေဆဲဖြစ်သည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) အနေဖြင့် တိုင်းရင်းသားတပ်ပေါင်းစုဖြစ်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ယခင်သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာရေး ဆွေးနွေးပွဲများတွင်ပါဝင်ခဲ့ပြီး NCA လက်မှတ်ရေးထိုးရာတွင်မူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေးထိုးခွင့်မရသဖြင့် NCA စာချုပ်ရေးဆွဲရာတွင် ပါဝင်သော်လည်း လက်မှတ်ရေးထိုးရာတွင် မပါဝင်ခဲ့သည့်အဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည်။

ထို့နောက် NLD အစိုးရလက်ထက်တွင် NCA လက်မှတ်ရေးထိုးနိုင်ရေး UNFC တပ်ပေါင်းစုတွင် ဆက်လက်ပါဝင်ကာ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အခြားတစ်ဖက်တွင် NCA အားလက်မခံဘဲ NCA နှင့်အလားတူ စာချုပ်သစ်တစ်ခုဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ‘၀’ အဖွဲ့ဦးဆောင်ဖွဲ့စည်းခဲ့သော မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) သို့ပါဝင်ခဲ့ကာ ၂၀၁၇ ခုနှစ်ဇွန်တွင်ကျင်းပသည့် UNFC ဒုတိယအကြိမ်ညီလာခံတွင် UNFC အဖွဲ့ဝင်အဖြစ်မှ တရားဝင်နုတ်ထွက်ခဲ့သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်ဘေးဒုက္ခသည်စခန်း ၁၈၈ ခုရှိပြီး လူဦးရေတစ်သိန်းနှစ်သောင်းကျော်ရှိကာ အဆိုပါဒုက္ခသည်စခန်းများအနက် အစိုးရထိန်းချုပ်သည့်နယ်မြေတွင် စခန်းအများအပြားရှိပြီး ကချင်လက်နက်ကိုင်အဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင် စခန်းအနည်းငယ်သာရှိသော်လည်း လူဦးရေများပြားသောကြောင့် ဒုက္ခသည်များမှာ အစိုးရနှင့် ကေအိုင်အို ထိန်းချုပ်ဒေသတွင် တစ်ဝက်စီရှိနေကြောင်း ကချင်စစ်ဘေးဒုက္ခသည်အရေး ဆောင်ရွက်နေသည့် အဖွဲ့ကိုးဖွဲ့ပါဝင်သော ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့၏ ဇွန်လအတွင်းက ထုတ်ဖော်ပြောကြားချက်အရ သိရသည်။

Writer:
ကျော်ဇင်ဝင်း