မြန်မာနိုင်ငံတွင်း၌ ဘင်္ဂါလီ မွတ်စလင်တို့အတွက် ‘ဘေးကင်းဇုန်များ’ တည်ထောင်ရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ကုလသမဂ္ဂတွင် တောင်းဆို

မြန်မာနိုင်ငံတွင်း၌ ဘင်္ဂါလီ မွတ်စလင်တို့အတွက် ‘ဘေးကင်းဇုန်များ’ တည်ထောင်ရန် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ကုလသမဂ္ဂတွင် တောင်းဆို
Published 23 September 2017

ဘင်္ဂလားဒေ့ရှ်၌ ခိုလှုံရန် ကြိုးပမ်းနေသည့် ဘင်္ဂါလီ မွတ်စလင်တို့အား ကာကွယ်ရန်အတွက် မြန်မာနိုင်ငံတွင်း၌ ကုလသမဂ္ဂ ကြီးကြပ်သည့် ‘ဘေးကင်းဇုန်များ’ တည်ထောင်ရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ကုလသမဂ္ဂတွင် တောင်းဆိုခဲ့သည်။

“ဒီလူတွေဟာ သူတို့မွေးရပ်ကို ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရပါမယ်” ဟု ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ အကြမ်းဖက်သမားများသည် သြဂုတ် ၂၅ ရက်က ရဲစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာတပ်မတော်က အကြမ်းဖက်မှုနှိမ်နင်းရေးစစ်ဆင်မှု စတင်ခဲ့သည်။

မြန်မာအာဏာပိုင်များသည် ဘင်္ဂါလီ မွတ်စလင်များအား နေရပ်ပြန်မလာစေရန်အတွက် နယ်စပ်တွင် မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း ဟာဆီနာက စွပ်စွဲခဲ့သည်။ ထို့ပြင် ရခိုင်အကျပ်အတည်းအား ဖြေရှင်းရန်အတွက် ကုလသမဂ္ဂက အရေးယူဆောင်ရွက်မှုများ ချက်ချင်းဆောင်ရွက်ရန် ဟာဆီနာက ပြောကြားခဲ့သည်။

ဟာဆီနာက “ကုလသမဂ္ဂကြီးကြပ်မှုအောက်တွင် မြန်မာနိုင်ငံတွင်း၌ ဘေးကင်းဇုန်များ ဖန်တီးရေး” တောင်းဆိုသည့် အချက်ငါးချက်ပါ အစီအစဉ်ကို တင်ပြခဲ့သည်။

“ဘေကင်းဇုန် ဖန်တီးရေး” သည် လုံခြုံရေးကောင်စီ၏ သဘောတူ ခွင့်ပြုမှုရရန် လိုအပ်သည်။

မြန်မာသည် “အကြမ်းဖက်မှုနှင့် လူမျိုးစုလိုက် သန့်စင်မှုအား ရပ်တန့်ရမည်ဖြစ်ပြီး ကုလသမဂ္ဂ စုံစမ်းရေးမစ်ရှင်အား ခွင့်ပြုရန်၊ ဒုက္ခသည်များ ပြန်လာနိုင်ရေး အသေအချာ ဆောင်ရွက်ပေးရန်၊ ဘင်္ဂါလီ မွတ်စလင်များအား နိုင်ငံသားဖြစ်ခွင့် ပေးရေးကို ထောက်ခံထားသည့် အစီရင်ခံစာအား လိုက်နာရန်” ဟာဆီနာက ပြောကြားခဲ့သည်။

အရှေ့တောင်အာရှရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီက မြန်မာနိုင်ငံသည် ဘင်္ဂါလီမွတ်စလင်တို့အား ဖိနှိပ်မှုကို မရပ်တန့်လျှင် ယင်းတို့အား စုံစမ်းစစ်ဆေးရန် အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်း တစ်ခုကို စဉ်းစားသင့်ကြောင်း ပြောဆိုမှုများ ရှိနေသည်ဟု စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ထိုသို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက မွတ်စလင်များအတွက် ဘေးကင်းဇုန်များ တည်ထောင်ရန် တိုက်တွန်းပြောကြားခဲ့သော်လည်း အဆိုပါ ဘေးကင်းဇုန်များကို တည်ထောင်မည် မဟုတ်ကြောင်း မြန်မာအစိုးရက တရားဝင် ငြင်းပယ်ထားသည်။

ထိုသို့ ဘေးကင်းဇုန်များ တည်ထောင်ရန် အိုင်စီအာစီအဖွဲ့မှ ကနဦး တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာ ၁၄ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ရခိုင်အရေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အစိုးရရဲ့ သဘောထားက လုံးဝလက်မခံဘူး။ Safe Zone ဆိုတာက ဥပမာ ဆီးရီးယားမှာ Safe Zone လုပ်တယ်။ အဲဒီနေရာကို အစိုးရကလည်း သွားလို့ မရဘူး။ အစိုးရလေယာဉ်လည်း သွားလို့မရဘူး။ အစိုးရတပ်လည်း သွားလို့မရဘူး။ အဲဒီလို လုပ်တယ်ဆိုရင် ARSA ကလည်း သွားလို့မရဘူး။ အစိုးရကလည်း သွားမရဘူး။ Safe Zone ကို ဘယ်သူက ထိန်းလဲဆိုတော့ နိုင်ငံတကာ ထိန်းတယ်။ ကျွန်တော်တို့က လက်မခံဘူး။ Safe Zone လုပ်မယ်ဆိုလည်း လက်မခံဘူး” ဟု ပြောကြားထားသည်။

Most Read

Most Recent